စစ်တပ်ရဲ့ဖိနှိပ်ခိုင်းစေမှုကြောင့် မွန်ပြည်နယ်မှာ ရဲပြေးတွေပိုများလာ

စစ်တပ်ရဲ့ဖိနှိပ်ခိုင်းစေမှုကြောင့် မွန်ပြည်နယ်မှာ ရဲပြေးတွေပိုများလာ

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ခိုင်းစေတာကြောင့် ရဲစခန်းအသီးသီးကနေ ထွက်ပြေးနေတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် ပိုများလာတယ်လို့ ရဲ တပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းတွေ မကြာခဏတိုက်ခိုက်ခံရတာ၊ စစ်ကောင်စီတပ်ရဲ့ အရာရှိတွေ အတင်း အကြပ် ဖိအားပေးတာ၊ တိုင်းပြည်ကာကွယ်ရေးဆိုပြီး စစ်သားတွေနဲ့ မြေပြင်တိုက်ပွဲတွေ ပူးပေါင်းဆင်နွှဲခိုင်းတာ၊ နယ်မြေမတည်ငြိမ်တဲ့ဒေသတွေကို ပြောင်းရွှေ့ခံရတာကြောင့် ထွက်ပြေးသူ ပိုများလာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တချို့အရ  ပြီးခဲ့တဲ့ ဇွန်လတတိယအပတ် တစ်အပတ်ထဲမှာပဲ ကင်းမွန်ချောင်း နယ်မြေရဲစခန်း စခန်းမှူး ဒု-ရဲအုပ်ဇော်မင်းအောင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထွက်ပြေးခဲ့သလို ကျိုက်ထီးရိုးစေတီရဲကင်းကလည်း ရဲတပ်ဖွဲ့ဝင် ၃ ဦး ထွက်ပြေးတဲ့ ဖြစ်စဉ်တွေ ရှိနေတာပါ။

CDM ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်တဲ့ သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းက “ရဲပြေးတွေများလာတာက သိတဲ့အတိုင်းပဲလေ။ သူတို့ ဖိနှိပ်မှုတွေလည်းပါတယ်။ ပြီးတော့သူတို့အ ရေးရှုံးနိမ့်တာတွေကြောင့်လည်း ပါတာ ပေါ့နော်။ အခုဆိုလို့ရှိရင် နေရာတိုင်းမှာ အတိုက်ခံရတာ ရဲတွေကြီးပဲလေ။ ရဲတွေကြီးပဲ အတိုက်ခံရတော့ ကြာ တော့လည်း ရဲတွေကသူတို့ရဲတပ်ဖွဲ့မှာ မလုပ်ချင်တော့တာရယ်၊ သူတို့အနိုင်ကျင့်ခံရတာတွေရယ်၊ တချို့ကတော့ လည်း ဆက်လုပ်နေတဲ့ လူတွေလည်းရှိတာပေါ့။ တချို့ကျတော့ မိသားစုတွေကို အထဲမှာအကျယ်ချုပ် ပုံစံထား ထာတာလေ။ ရဲပြေးတွေက များလာမှာပဲလေ၊ ဘာလို့လဲဆိုတော့ သူတို့အခုဆိုလို့ရှိရင် တပ်ထဲကရဲထဲရောက်လာ တယ်နော်” လို့ ပြောပါတယ်။

ရဲပြေးတွေပိုများလာတာဟာ ဖိနှိပ်ခံရတာအပြင် စစ်တပ်ကလူတွေ နေရာယူမှုများလာတဲ့အတွက် ရဲပြေးတွေ တိုးလာတာလို့ သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်ရစ်နဲ့ကောင်ကလည်း ဒုရဲအုပ်ဖြစ်လိုဖြစ်၊ တစ်ပွင့်နဲ့ကောင်ကလည်း ရဲအုပ်ဖြစ်လိုဖြစ်၊ ခဏနေဆို သူတို့က ရာထူးတွေတိုးသွားတာလေ၊ သူတို့ပြောင်းလာပြီး မကြာဘူး (၆)လ ဆိုလို့ရှိရင် တစ်ဆင့်တိုးဖြစ်တာပဲ။ ကြာတော့ လည်း ရဲတပ်ဖွဲ့တွေလည်း သူတို့ခံစားချက်တွေတော့ ရှိမှာပေါ့လေ။ တချို့ဆိုရင်တော့လည်း ရှိပါတယ်။ CDM တွေလုပ်တာ အများကြီးဖြစ်နေပြီးပေါ့။ ရဲပြေးတွေက ကြာလေကြာလေ များလာမယ်ဆိုတာ ကျွန်တော်တို့က ကြိုတွက်ပြီးသားပဲလေ၊ ဘယ်သူမှလည်း ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ချင်စိတ်မရှိတော့ဘူး”လို့ ပြောပါ တယ်။

ရဲပြေးတွေ ပိုများလာတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဟာ မြို့တွင်းလုံခြုံရေးလှည့်လည်ရာမှာ အရေအတွက် လျော့ချရတာတွေရှိနေသလို အရင်ကရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကင်းလှည့်ပါက အခုနောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင် ၅ ဦး လောက်နဲ့သာ ကင်းလှည့်နိုင်တော့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ CDM လုပ်ဖို့ ဆက်သွယ်တာတွေရှိနေသလို တချို့ကတော့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ထွက်ပြေးတိမ်းရှောင် သွားတာတွေ ရှိနေတာပါ။

ကိုအေးမင်းထွန်းကတော့ CDM မလုပ်ဘဲ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းနေတဲ့ ရဲဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ပြည်သူတွေအပေါ် မျက်နှာမူပြီး CDM ပြုလုပ်ပေးကြဖို့ တိုက်တွန်းတာပါ။

“ရဲတပ်ဖွဲ့ အားလုံးကိုလည်း ပြည်သူ့ရဲ ဆိုတဲ့အတိုင်းပဲ ပြည်သူ့ဘက်ကရပ်တည်ပါ။ ကျွန်တော်တို့ သင်တန်းမှာ ဆိုခဲ့တဲ့ သစ္စာ (၄) ချက် ရှိတယ်လေ၊ အဲဒီသစ္စာ (၄) ချက်ကို အမြဲတမ်းကျွန်တော်တို့ လက်ဝယ်ဆုပ်ကိုင်ထားဖို့ အရေးကြီးတယ်” လို့ ဆက်ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ် နှစ် ကျော်ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၉၀၀၀ ကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင် ထားတယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

CDM ပြုလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ထုတ်ရာမှာ ပါဝင်ထားသလို တချို့ရဲတပ်ဖွဲ့ဝင်တွေကတော့ တော်လှန်ရေးမှာနိုင်တဲ့ဘက်က ပါဝင်ကူညီနေတာတွေ ရှိနေတာပါ။

ဓာတ်ပုံ-Social Media

Most read this week

မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...
ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...
October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...