ညောင်လေးပင် စစ်ရှောင်များအကြား ငှက်ဖျားနှင့် ရာသီတုပ်ကွေး အဖြစ်များပြီး ဆေးဝါးလိုအပ်နေ

ညောင်လေးပင် စစ်ရှောင်များအကြား ငှက်ဖျားနှင့် ရာသီတုပ်ကွေး အဖြစ်များပြီး ဆေးဝါးလိုအပ်နေ
Photo: KHRG
Photo: KHRG

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင် ပြည်သူများအကြားတွင် ယခုမိုးတွင်းကာလအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေး အဖြစ်များလာနေပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဒေသခံများသည် မိုးရာသီမှာလည်း ဆက်လက် စစ်ဘေးတိမ်းရှောင်နေရသည့်အတွက် အအေးမိရာမှ ရောဂါ အဖြစ်များလာကြခြင်းဖြစ်သည်ဟု ဆိုသည်။

အများအားဖြင့် ကလေးသူငယ်များတွင် တုပ်ကွေးရောဂါအဖြစ်များကြောင်း၊ စစ်ကောင်စီ၏ ဆေးဝါးသယ် ဆောင်ခွင့် တားမြစ်မှုနှင့် စစ်ဘေးရှောင်ဦးရေ များပြားလာမှုများကြောင့် ဆေးဝါး လိုအပ်ချက် ပိုမြင့်တက်လာနေ သည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦး ပြောသည်။

၎င်းက “ဆေးကိုလုံးဝ သယ်ခွင့်မပေးထားတာ ဒီလိုပဲကိုယ့်အစီအစဥ်နဲ့ကိုယ် သယ်နေရတဲ့အတွက်ရောပေါ့ ဆေး ဝါးကတော့ လုံလောက်မှုမရှိဘူး။ နောက်ပိုင်းမိုးများလာရင် ရောဂါဖြစ်တဲ့သူအခုထက် ပိုများလာမယ်။ လက်ရှိ အလှူရှင်ကလည်း ဆေးဆိုမသယ်ရဲဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဒေသခံအများစုမှာ တုပ်ကွေးရောဂါ စဖြစ်ချိန်တွင် နယ်မြေ မတည်ငြိမ်မှုကြောင့် ဆေးရုံ၊ ဆေးခန်း အရောက် နည်းကြသလို ဆေးမြီးတိုများနှင့်သာ ကုသလေ့ရှိသည့်အတွက် ရောဂါအခြေအနေက ပိုမိုပြင်း ထန်လာခြင်းမျိုးလည်း ရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဖြစ်ပြီဆိုရင် ဒေသခံစစ်ရှောင်တွေက စစ်ရှောင်နေရာမှာ သူတို့လက်လှမ်းမီရာ ဆေးမြီးတိုနဲ့ကုတယ်။ အရမ်း အခြေအနေဆိုးလာမှ ဆေးရုံ၊ ဆေးခန်းသွားကြတာ။ ဒီမှာဆို ပန်ကာလို့ခေါ်တဲ့ဆေးပေါ့၊ ငါးရာဖိုးဆို သုံးထုပ်လောက်ရတယ်။ အဲ့ဒါဝယ်သောက်ပြီး မပျောက်တော့မှ ဆေးခန်းရှိတဲ့နေရာ သွားကြတာမျိုးပေါ့” ဟု ထိုဒေသခံအမျိုးသမီးက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးကုသမှုအတွက် ကရင်အရပ်ဘက် ကျန်းမာရေး အဖွဲ့အစည်းများ အပြင် အခြားပရဟိတ အဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှု ပေးလျက်ရှိရာ နယ်မြေအတွင်း ပဋိပက္ခ များ ဆက်လက်ဖြစ်ပွားနေခြင်း၊ စစ်ကောင်စီက လက်နက်ကြီးငယ်များဖြင့် ကျေးရွာများသို့ အချိန်မရွေး ပစ်ခတ်ခြင်း တို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေ ပိုမိုများပြားလာနေသည်။

ထိုသို့ နေ့စဉ်နှင့်အမျှ တိုးများလာနေသည့် စစ်ရှောင်များအတွက် ဆေးဝါးအပြင် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း လိုအပ်ချက်လည်းရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ထို့အတူ ဇူလိုင်လ (၂) ရက်နေ့ နှင့် (၃) ရက်နေ့တို့တွင်လည်း မုန်းမြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာနှင့် အုန်းပင်စု ကျေးရွာနေ အမျိုးသား (၃) ဦးမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်းခံခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သလို ကျေးရွာပေါင်း (၃) ရွာထက် မနည်းက ဒေသခံပြည်သူ (၁၄၀၀) ကျော်လည်း နေရပ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။

စစ်တပ်ကာ အာဏာသိမ်းယူပြီးသည့် အချိန်မှစတင်၍ လက်ရှိ ၂၀၂၃ ခုနှစ် မေလအထိ ညောင်လေးပင်ခရိုင်တွင် စစ်ဘေး ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်း ဇယားများ အရ သိရသည်။

November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...
November 6, 2024
ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ရန်ကုတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နေရာနှင့် ကျုံဒိုး...
November 5, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်/ တပ်မဟာ(၁)၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့...