ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် အနီး ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေပြီလို့ ပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင် အချိန်ကစပြီး နမ်ဆန်ယန်တံတားမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၀ နာရီဝန်းကျင်မှာတော့ နမ်ဆန်ယန်ပြည်သူတွေ ခေတ္တ ထွက်ပြေးတိမ်း ရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အားလုံးက မနည်းပြန်ထူထောင်ထားတာကို ထပ်မံထွက်ပြေးရမယ်ဆိုရင် ပြန်လာရမယ်ဆိုတာ မသေချာလို့ သည်းခံပြီး နေနေကြသေးတာ။ နမ်ဆန်တံတားထိ စစ်ကောင်စီစစ်ကြောင်းရောက်နေတော့ မနက်ကလည်း လက်နက်သံတွေ ကြားသေးတယ်။ အခုတော့ ထွက်ပြေးကြဖို့ လာပြောနေပြီ။ အခုအရမ်းရှုပ်နေကြတယ်။ တိမ်း ရှောင်ဖို့လုပ်နေကြပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း နမ်ဆန်ယန်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ကို KIA ဘက်က တားဆီးခဲ့ပြီးနောက် စစ်ရေးတင်းမာလာတာ ဖြစ်ပါတယ်။
အဲ့ဒီနောက် တစ်ပတ်အကြာမှာတော့ နမ်ဆန်ယန်ရွာက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေ ကတော့ ကြိုတင်ပြီး ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့တွေမှာ တိမ်းရှောင်နှင့်ကြပြီဖြစ်ပြီး လက်ရှိမှာ ရွာသား အား လုံး ထပ်မံ တိမ်းရှောင်ဖို့ ပြင်ဆင်နေတာပါ။
နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီနဲ့ KIA တပ်တွေကြားစစ်ရေးတင်းမာနေမှု အခြေအနေနဲ့ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်ရာမှာတော့ အခုလို ပြောပါတယ်။
“စစ်ကောင်စီဘက်မှ နမ်ဆန်ယန်တံတားအတိုင်း အဲ့ဘက်ကနေ စစ်ကြောင်းထိုးဝင်နေတယ် ကြားရတယ်၊ ပြီး တော့ ခယာတောင် (Hka Ya Bum) ဘွမ်လဲ့တောင်(Bum Len Bum) တို့ သူတို့ရဲ့ နေရာပတ်ဝန်းကျင် တလျှောက် ၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်ကြားတယ်။ ဘာကြောင့် သူတို့ဝင်လာတယ် ဆိုတာ တော့ အတိအကျတော့ မသိဘူး။ နမ်ဆန်ယန်တစ်ဝိုက်က အရင်ကသူတို့ထိုင်နေတဲ့ တောင်ကုန်းတွေကို ပြန်ထိုင် ချင်တဲ့ သဘောလားပေါ့ သုံသပ်တာပေါ့။ ဒါမှမဟုတ် နမ်ဆန်ယန်ဘက်ကို သူတို့ပြန်ထိုင်ချင်လို့လားပေါ့။ မသိဘူး ပေါ့။ အားလုံးရဲ့ ယုံကြည်မှုကတော့ နမ်ဆန်ယန်ကတော့ တိုက်ပွဲမဖြစ်ဖို့ အားလုံးမျှော်လင့်ပါတယ်” လို့ ပြောပါ တယ်။
နမ်ဆန်ယန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည် သူအားလုံး ၈ နှစ်ခန့်ကြာ နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ၂၀၁၈ ဒီဇင်ဘာလကစပြီး နေရပ် ပြန် လည်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒေသခံတွေ လုံခြုံစွာ နေရပ်ပြန်လည် နေထိုင်နိုင်ရေး နမ်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့လုံးက ဝင်ရောက်တပ်စွဲနေထိုင်တာတွေ မလုပ်ကြဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တစ်ကြိမ် နဲ့ ဇူလိုင်လ ၁ ရက်နေ့ တစ်ကြိမ် ရွာအနီးမှာ တပ်စွဲနေထိုင်ဖို့ ပြင်ဆင်လာတဲ့အတွက် စစ်ရေးတင်းမာနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နမ်ဆန်ယန်ကျေးရွာအနီး တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ဖို့ ဒီကနေ့မှာ စစ်ကောင်စီတပ် လက် အောက်ခံ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နမ်ဆန်ယန် စစ်ရှောင်တွေ နေရပ်ပြန်ရေး ကူညီပေးခဲ့တဲ့ ဦးဖောင်လား ဂမ်ဖန်တို့ သွားရောက်ဖို့ ရှိတယ်လို့ ပြောဆိုနေပါတယ်။
ဒါပေမယ့် ဒီပြောဆိုချက်တွေကိုတော့ KNG သတင်းဌာနက သီးခြား အတည်ပြုနိုင်တာ မရှိသလို ဒီကိစ္စနဲ့ ပတ် သက်ပြီး KIO နဲ့ တွေ့ဆုံဖို့ ရှိမရှိကိုလည်း တိတိကျကျ မသိရသေးပါဘူး။
အလားတူ နမ်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက် စစ်ရေးတင်းမာလာတာကြောင့် ဇူလိုင် ၂ ရက်နေ့မှာ ကချင်လွတ် လပ်ရေးတပ်မတော် KIA ဌာနချူပ်က နယ်စပ်တစ်လျှောက်နဲ့ နမ်ဆန်ယန်ကျေးရွာ ပြည်သူတွေအနေနဲ့ အဆင် သင့်ရှိနေကြရန် ညွှန်ကြားထားတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေ ဆက်တိုက် ပြုလုပ်လာခဲ့မယ်ဆိုရင်တော့ ဒေသ တွင်း တိုက်ပွဲပြင်းထန်လာမှာ ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော ပါတယ်။