မွန်ပြည်နယ်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်

မွန်ပြည်နယ်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်

လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ရေး ပိုမိုပြင်း ထန်လာနိုင်တယ်လို့ KNU နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ  KNLA/PDF ပူးပေါင်းတပ်တွေနဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးတပ်တွေကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီဘက်က ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေ တဲ့ အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကရင်အမျိုးသား အစည်း အရုံး (KNU) သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါ တယ်။

“လောလောဆယ်စစ်ကြောင်းက အဲဒီနဲ့မနီးမဝေးမှာ စစ်ကြောင်းထိုးနေတယ်။ ဘီးလင်းမြစ် အရှေ့ဘက်က ရွာ တွေပေါ့။ ကားလမ်းနဲ့ ခရိုင်ချင်းဆက်လမ်းပေါ့။ ရွှေရောင်ပြကနေပြီးတော့ ဟိုးဘက်ကို ကြက်ခြေခတ်ဘက်ကို သွားတဲ့လမ်း အဲဒီဘက်မှာ အခုဆိုလို့ရှိရင် စစ်ကြောင်းထိုးနေတဲ့အခါကျတော့ ဒီမနက်က ထိတွေ့မှုတချီတော့ ဖြစ်လာတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ မြေပြင်အ သေးစိတ်မရသေးဘူး။ သူတို့ဆက်ပြီး တိုးလာ ရင်တော့ ကျွန်တော်တို့တွေက ဒီတံတားလုပ်ပြီး အမြဲတမ်းသတိ အနေအထားမှာရှိတယ်။ စစ်ရေးအပေါ်မှာ သူ တို့လာမယ်ဆိုတာလည်း ခန့်မှန်းလို့ရပြီးသားပဲ။ အဲဒါကြောင့်မို့ သူတို့ကို ကျွန်တော်တို့က ကြိုတင်ပြီးတော့ ပြင် ဆင်မှုတွေ လုပ်ထားပြီးသားပဲ။ သူတို့ဆက်တိုးလာရင်လည်း ဆက်တိုးသလိုပဲ တိုက်ပွဲကတော့ ဖြစ်လာမှာပဲ” လို့ သူက ပြောပါတယ်။

ဇွန်လ (၂၉) ရက်နေ့က တံတားမိုင်းခွဲခံရတဲ့ ဖြစ်စဉ်အတွင်း တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်၊ ရဲအပြင် ဌာနဆိုင်ရာတာဝန်ရှိသူ (၂၆) ဦးလောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် အန္တရာယ်စိုးရိမ်ရသူ (၄) ဦးထက် မနည်းရှိခဲ့တာပါ။

ရေးမြို့နယ်မှာလည်း ဇွန်လ (၂၅) ရက်ကနေ့ (၂၈) ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ တွေအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နှစ်ကရင်ရွာက ဒေသခံ (၃) ဦး သေဆုံးထားသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နှစ်ကရင်ရွာထဲ စခန်းချ လှုပ်ရှားသွားလာနေတဲ့ အတွက် တချို့ရွာသားတွေ ရွာထဲမှာ မနေရဲကြတော့ဘဲ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြန်လာတဲ့သူလည်း ပြန်လာ၊ မပြန်လာတဲ့သူကလည်း မပြန်လာ။ ရွာထဲမှာ ဖွင့်တဲ့ဆိုင်ကဖွင့် မဖွင့်တဲ့ဆိုင်ကမဖွင့် နဲ့ ပြေးတဲ့သူကပြေး ရှိတဲ့သူကရှိတယ်။ ဒီရက်ပိုင်းမှာကရွာမှာ စစ်ကြောင်းကတော့ရှိတယ်။ (ရွာ) အရှေ့ပိုင်းက လူရှိတယ်။ အနောက်ပိုင်းက လူမရှိဘူး။ ရွာမှာက စစ်သားရှိနေတော့ ရွာ သူရွာသားတွေက ကြောက်လန့်ပြီး မနေ ရဲဘူး။ စစ်သားရှိတဲ့အနီးအနားမှာ ရွာသူရွာသားတွေ ပြောင်း ရွှေ့ကုန်ပြီ။ သူတို့နဲ့ (စစ်သား) ခပ်ဝေးဝေးနေရာ မှာ ဆို နေတဲ့သူကနေတယ်၊ မနေတဲ့သူက မနေဘူး။ဒါပေမယ့် စစ်သားတွေရှိတဲ့နေရာတော့ လူတွေက လုံးဝမနေရဲ ဘူး” လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နှစ်ကရင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ပြီး နောက် ဇွန်လ (၂၉) ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာထဲ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ဒေသခံတွေ ကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေဟာ မော်လမြိုင်-ရေး-ထားဝယ် အ မှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲ့ဒီလို KNLA/PDF ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီ ဘက်က တန် ပြန်ခံစစ်နဲ့ တိုက်ခိုက်နေတဲ့အတွက် ရေးမြို့နယ်အတွင်း စစ်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ရေး ပ.က.ဖ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

“ရေးမြို့နယ်အတွင်းမှာ စစ်ပွဲကတော့ ပြင်းထန်လာနိုင်ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုရင် အခုကျွန်တော်တို့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ထဲမှာ နယ်မြေစိုးမိုးရေးကို စတင်ချဲ့ထွင်နေတယ်။ အဲဒါကို သူတို့ (စစ်တပ်) ဘက်က လည်း ဒီဟာကို အင်အားသုံးပြီး တန်ပြန်ခံစစ်သဘောနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်တာ ရှိတယ်။ သူတို့က အဓိက လက်နက်ကြီးရယ်၊ လေကြောင်းရယ်ပေါ့၊ အဲဒါကိုအားကိုးကြတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာ ကြာပြီဗျ။ အခုမှပဲ ဒါကိုအကောင်အထည်ဖော်တာပေါ့။ နောက် ပိုင်းဖြစ်လာမယ့် စစ်ရေးအခြေအနေက ဗျူဟာ တွေ ပြောင်းလဲပြောင်းနိုင်တယ်။ အဓိကအထက်က ဘယ်လိုညွှန်ကြားမလဲပေါ့” လို့ သူက ဆိုပါတယ်။

သထုံခရိုင်အတွင်းက စစ်ကောင်စီ တပ်စခန်း (၃) ခု အပြင် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာလည်း နယ်မြေ ရဲစခန်း (၆) ခုထက်မနည်း လက်လွှတ်ထားရပြီး ကျေးရွာကြီးတချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ် လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေနဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေရှိနေပြီး အဲဒီထဲက KNU ထိန်း ချုပ်နယ်မြေတွေမှာ KNLA/PDF ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်တင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-KNLA

ဓာတ်ပုံ-MOI
November 6, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ်...
မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...
ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...