သျှမ်းပြည် မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် နေထိုင်သည့် ဒေသခံ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့သည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ၁၀ ရက် ကျော်ကြာလာသည် အထိ အဆက် အသွယ် မရသေးဘူးဟု နီးစပ်သူများက ပြောသည်။
တိန်းလုံကျေးရွာအတွင်းသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သည့် လူတစ်စု ဝင်ရောက်လာပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြော သည်။
“အခုဆို သူတို့ ဖမ်းခေါ်သွားခံရတာ ၁၀ ရက်ကျော် ရက် ၂၀ နီးပါး ရှိလာပြီ။ ဘယ်မှာဖမ်းထားလဲ၊ ဘယ်သူက လာဖမ်းလဲဆိုတာတောင် မသိလိုက်ရဘူး၊ လာဖမ်းတဲ့သူတွေက သေနတ်ကိုယ်စီ နဲ့ အရပ်ဝတ်နဲ့ပဲ လာကြတာ၊ Mask တွေ တပ်ထားတော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ဘူး” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးခံရသူနှစ်မှာ အမျိုးသားသည် အသက် ၅၀ ကျော်ရှိ လုံးထွန်းလှ ဖြစ်ပြီး အမျိုး သမီးသည်လည်း ၅၀ ဝန်းကျင်ရှိသည့် ပါနန်းခမ်းကျန် ဖြစ်တို့ ဖြစ်ကြသည်။
၎င်းတို့ ဖမ်းဆီးခံရမှု နှင့် ပတ်သက်ပြီး အကြောင်းရင်း သေသေချာချာ မသိရဘဲ ယနေ့ အချိန်အထိ အဆက် အသွယ် မရရှိသေးဘူးဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
ယင်းကဲ့သို့ တိန်းလုံကျေးရွာ ဒေသခံ ၂ ဦး ဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး ဒေသခံများ၊ နီးစပ်သည့် ဆွေမျိုး များက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံ မေးမြန်းရာ ၎င်းတို့ တပ်ဖွဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း မဟုတ်ဟုသာ အကြောင်းပြန်လာသည်ဟု ဆိုသည်။
နီးစပ်သည့် အမျိုးသား တစ်ဦးက “ကျနော်တို့ ရွာသားတွေ စုပေါင်းပြီး ဒီဘက်က SSPP အရာရှိတွေဆီကို သွား မေးပါတယ်။ ဖမ်းထားတာ မရှိပါဘူးတဲ့၊ ဖမ်းတာကလည်း သူတို့လူမဟုတ်တဲ့ အကြောင်း ပြန်ပြောပါတယ်။ ကျနော်တို့ကလည်း ဘယ်ကို ဆက်လိုက်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေတယ်” ဟု ပြောသည်။
၎င်းတို့ နှစ်ဦး ဖမ်းဆီးခံရမှုသည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် တိန်းလုံကျေးရွာသို့ SSPP အဖွဲ့မှ တပ်သားသစ် စုဆောင်းမှု လာရောက်ပြုလုပ်စဉ်အတွင်း ဒေသခံများ နှင့် အချင်းများခဲ့ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ကို ဗီဒီယို၊ ရုပ်ပုံ ရိုက်ကူးထားမှုကြောင့်ဟု ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုချက် မရသေးပေ။
SSPP/SSA တပ်ဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများထဲတွင် ၁၀ အိမ်ကို တပ်သား ၂ ဦး ပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
အလားတူ နမ့်ခမ်းမြို့ပေါ်တွင်လည်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က တပ်သားလိုက်လံ စုဆောင်းနေသည့်အပြင် အခွန်တွေကိုလည်း လိုက်ကောက်နေသည်။