ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တက်တူးဆရာတစ်ဦးအား PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားပြီးနောက် ၎င်းနှင့် ဆက်စပ်သူများပါ ဆက်လက်ရှာဖွေဖမ်းဆီးနေသည်ဟု နီးစပ်သူများက ပြောသည်။
ဖမ်းဆီးခံရသည့် တက်တူးဆရာမှာ ကိုဝေဖြိုး အသက် ၂၆ နှစ်ရှိသူ ဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
နီးစပ်သူ တစ်ဦးက “မနေ့က စကစက ဝင်ဖမ်းသွားတာ အဲ့ကလေးက PDF လဲမဟုတ် တက်တူးဆရာ တစ် ယောက် ဇွန်လ ၂၄ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာ တက်တူးဆရာလေးအိမ်ကို ဝင်လာပြီး ရိုက်နှက် ဖမ်း သွားတယ်” ဟု ပြောသည်။
ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ စစ်ကောင်စီတပ်က PDF ဟုဆိုကာ မြစ်ကြီးနားမြို့၊ အေးမြသာယာ ရပ်ကွက်၊ ရှမ်းရွာမှ တက်တူးဆရာ ကိုဝေဖြိုးကို စစ် တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ကိုဝေဖြိုးအား မြစ်ကြီးနား စစ်ကြောရေးစခန်းတွင် ဖမ်းဆီးထားပြီး နေအိမ်အတွင်း ရှာဖွေစစ်ဆေးမှုများပါ လုပ်ဆောင်သွားကာ ကိုဝေဖြိုးနှင့် နီးစပ်သူ ဆွေမျိုးသူငယ်ချင်းများ၏ နေအိမ်များကိုလည်း မွှေနှောက်ရှာဖွေ သွားသည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆက်ပြောသည်။
“အခုသူ့ကို ဖမ်းပြီး စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးနေတယ် ကြားတယ်။ သူ့ သူငယ်ချင်းတွေအိမ်ကိုလည်း စကစက ဝင်ရှာဖွေ တစ်အိမ်လုံး မွှေနှောက်နေတယ်။ သူတို့အားလုံး PDF မဟုတ်ဘူး” ဟု ဆိုသည်။
ကိုဝေဖြိုးဖမ်းဆီးခံရမှုနှင့် ပတ်သတ်၍ မြစ်ကြီးနားမြို့ KPDF အဖွဲ့အား တာဝန်ရှိသူအား မေးကြည့်ရာ “ကျနော်တို့ အဖွဲ့က မဟုတ်ပါဘူး။ အဲ့ကလေး ဖမ်းခံရတယ်ဆိုတာတော့ ကြားတယ်။ ဒါပေမဲ့ ကျနော်တို့ PDF မဟုတ်ဘူး” ဟု ပြောသည်။
ကိုဝေဖြိုး ဖမ်းဆီးခံရပြီးနောက် ဇွန်လ ၂၄ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ နီးပါးက ရှမ်းရွာ အတွင်းရှိ အခြားသော နေအိမ်များကိုပါ ဆက်လက်ရှာဖွေ စစ်ဆေးမှုများ လုပ်နေသည်ဟု ဒေသခံများက ပြော သည်။
“ဝေဖြိုးသူငယ်ချင်းတွေ အိမ်တွေကို လိုက်ရှာ လိုက်မွှေနှောက်နေတာ။ သူ့သူငယ်ချင်းတွေ အိမ်ရော၊ နောက်ပြီး အိမ်နားနီးချင်းတွေကို အိမ်ကိုရော လိုက်ရှာနေတာ။ လိုက်စစ်ဆေးနေတာ။ ဘာမှတော့ တွေ့မသွားပါဘူး။ မိသားစုဝင်တွေကတော့ စိတ်ပူနေတာပေါ့နော်။ PDF နဲ့ မဆက်စပ်ပဲ ဖမ်းသွားတဲ့အပြင် အခု တခြားအိမ်တွေပါ လိုက်ရှာနေတော့ ဘာဆက်ဖြစ်လာမလဲပေါ့၊ စစ်ကြောရေးလည်း ပို့ထားတော့ သူတို့ တော်တော်စိတ်ပူနေတာ။ ဝေဖြိုးက ကလေးလည်း တစ်ယောက်ရှိတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်အကြာ ကာလအတွင်း စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည် ဆိုသည့် စွပ်စွဲချက်အပြင်၊ ပေါက်ကွဲ မှုများ ဖြစ်ပြီးနောက်ပိုင်းတွင်လည်း အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။
အမှန်တကယ် ပတ်သက်ဆက်နွယ်သူများကို ဖမ်းဆီးရမိမှု ရှားပါးပြီး အပြစ်မဲ့ပြည်သူများအား စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းက ပိုများသည်ဟု မြစ်ကြီးနားမြို့ခံအချို့က သုံးသပ်ပြောဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် အထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းအရွယ်များအနေဖြင့် အနေအထိုင် အသွားအလာပိုင်းတွင် အထူးဂရုပြုသွားလာနေရသည်ဟု ဆိုကြသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့တွင်လည်း ယခုနှစ် ဧပြီလ၌ CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ၌ မြစ်ကြီးနားမြို့ တည်းခိုခန်းတစ်ခုတွင် KIO အုပ်ချုပ်ရေးအရာရှိ ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။ ဖားကန့် မြို့နယ်ထဲတွင်မူ မကြာခဏ ဒေသခံများဖမ်းဆီးခံရမှု၊ KIO တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် ပစ်သတ်ခံရမှုများ ဖြစ်ပွားလျှက်ရှိသည်။