စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု ပိုမိုများလာ သည့်အပေါ် စစ်တပ်က မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံရေးဗျူဟာ တစ်ခုအနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု မူးယစ်ဆေးဝါးပပျောက်ရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ဒေသတွင်းရှိ မူးယစ်ဆေး ဝါးပြဿနာများ၊ အခြေအနေများကို စောင့်ကြည့်ကာ တက်ကြွစွာပါဝင်လှုပ်ရှားနေသူများက ပြောဆိုလိုက်ကြ ခြင်း ဖြစ်သည်။
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှ တက်ကြွလှုပ်ရှားသူ တစ်ဦးက “အာဏာသိမ်းပြီးနောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်။ ဖောက်ကားသူတွေ သုံးစွဲသူတွေပို များလာတာက ကျမတို့ ပြည်သူတွေကို နိုင်ငံရေး အမြင် မရှိစေချင်တာရယ်၊ စစ်တပ်ကို ကန့်ကွက်တာတွေ မရှိလာအောင်လို့ ဒီမူးယစ်ဆေးမှာဘဲ နစ်မွန်းသွား အောင်လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကိုယ်လုပ် သင့်လုပ်ထိုက် တဲ့အရာကို သိမြင်ပြီး အချင်းချင်း ပညာပေးကူညီပေးဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းမှုမတိုင်မှီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက် ကားသုံးစွဲမှု အဆင့် ၄ နေရာတွင် ရောက်ရှိခဲ့ပြီး မူးယစ်ဆေးတိုက်ဖျက်ရေး အသိပညာပေးသင်တန်းများ၊ Campaign များအားကိုလည်း အရပ်ဘက်အဖွဲ့အစည်းများမှ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြသည်။
သို့သော် အာဏာသိမ်းလိုက်သည့်နောက်ပိုင်း စစ်တပ်၏ ကန့်သတ်ချက်များကြောင့် မူးယစ်ဆေးတိုက်ဖျက် ရေး လုပ်ငန်းများ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ခက်ခဲသွားသည်ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
နမ္မားကျေးရွာက ပြန်လည်ထူထောင်ရေးစခန်း တာဝန်ခံ “အရင်တုန်းကဆိုရင် ကျွန်တော်တို့ လမ်းတွေမှာလည်း Campaign လုပ်တယ်၊ အော်ပြီး ဆန္ဒတွေပြကြတယ် လွပ်လွပ်လပ်လပ်နဲ့ အခုဆိုရင် အဲ့လိုမရတော့ဘူး။ ဈေး တွေမှာ လုပ်မယ်ဆိုရင်လည်းအရင်ပြောထားမှ ရတော့တယ်၊ အရင်လို လုပ်လို့မရတော့ဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်၏ မူးယစ်ဆေးပြဿနာသည် ဒေသအသီးသီးတွင် အလွန်ဆိုးရွားနေပြီး စိုက်ပျိုးမှု၊ ရောင်းဝယ် ဖောက်ကားမှုနှင့် သုံးစွဲမှုများကို ပပျောက်သွားရန် ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ဖြစ်သည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားနေသူတစ်ဦးကလည်း တိုက်တွန်းနှိုးဆော်ထားသည်။
“အာဏာမသိမ်းခင်တုန်းကတော့ ဒီဟာနဲ့ ပက်သက်ပြီး ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပေမဲ့ တက်နိုင်သလောက် တော့ လုပ်ကြတယ်။ အခုကကျတော့ အကုန် လွတ်လွတ်လပ်လပ် ဖြစ်သွားကြတာပေါ့။ အကုန်လုံးက ဒီကိစ္စကို မျက်ကွယ် ပြုသလိုဖြစ်သွားကြတာ။ ဒီမူးယစ်ဆေးဝါး အဝင်အထွက်တွေက စစ်ကောင်စီလက်ထက်မှာ ပိုဆိုးရွာ လာတာပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်ရှိသည့် ပြည်နယ်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြစ် ကြီးနားမြို့နယ်၊ ပူတာအိုမြို့၊ တနိုင်းမြို့၊ ဗန်းမော်မြို့နယ်၊ ဝိုင်းမော်၊ ချီဖွေ၊ ဖားကန့် အစရှိသည့်မြို့နယ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများအပြင် မြို့ပေါ် လောင်းကစားဝိုင်းများလည်း ပိုမိုများပြားလာ သည် ဟု လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ယခုကဲ့သို့ ဆက်ပြောသည်။
“ဗန်းမော်မှာဆိုရင် အရင်တုန်းကမြို့ပေါ်လောင်းကစားဝိုင်းတွေမရှိဘူး အခုက လောင်းကစားဝိုင်းနဲ့အတူ မူးယစ် ဆေးပါ ရနေပြီလို့ သိရတယ်။ ပြီးတော့ လူနေတိတ်တဲ့ ရပ်ကွက်တွေဆို လမ်းကြားတွေမှာ သွေးတန်းလန်းနဲ့ ဆေးထိုးအပ်တာ ပိုဆိုးလာတာပေါ့။ ဒါက စစ်တပ်က ခေတ်အဆက်ဆက် သုံးခဲ့တဲ့နည်းတစ်နည်းဘဲ ဒါကို ပြည် သူတွေသိဖို့ လိုတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းလိုက်သည့် ၂ နှစ်ကျော်အတွင်း မူးယစ်ဆေး ရောင်းဝယ်မှု လွယ်ကူလာခြင်း၊ စစ်ဆေးအရေးယူမှု အားနည်းလာခြင်း၊ မူယစ်ဆေးဝါးဖြင့် လာဘ်ပေးလာဘ်ယူမှု တွင်ကျယ်လာခြင်းတို့ကြောင့် ၁၃ နှစ် အရွယ်မှစ၍ လူကြီးလူ ငယ်မရွေး မူယစ်ဆေးသုံးစွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရသည်။
ဓါတ်ပုံ - KIO လိုင်ဇာမြို့တွင် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အဖြစ် မူယစ်ဆေးဝါး ပပျောက်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့