သျှမ်းပြည် ကျောက်မဲမြို့မှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ် ရသည်ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးလာသူများ ဖြစ်ကြသည်။
ထိုစစ်ရှောင်များသည် နှစ်နှစ်ကျော်အကြာ ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာရပြီး၊ စားဝတ်နေရေး နှင့် အသုံးစရိတ် အခက်အခဲများကြောင့် နေရပ်ပြန်လိုကြသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ရသည်ဟု ဒေသခံစစ်ရှောင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲမြို့မှ စစ်ရှောင်ကူညီပေးသူ အမျိုးသားတစ်ဦးက “ကျောက်မဲမြို့ပေါ်မှာ စစ်ရှောင်နေနေရတော့ အိမ် ငှားခတွေ၊ စားဖို့သောက်ဖို့တွေကအစ ပိုက်ဆံတွေ အကုန် ကုန်တယ်။ အဲ့လို ကုန်ကျစားရိတ်တွေ ဖြေရှင်းဖို့ အမျိုးသမီးဆိုရင် တစ်နေ့ ၅,၀၀၀ ကျပ်၊ အမျိုးသားဆိုရင် တစ်နေ့ကို ၇,၀၀၀ ကျပ်နဲ့ နေ့စားလိုက် အလုပ်လုပ် ရတယ်။ ဒါပေမဲ့ မကာမိပါဘူး။ ဒါကြောင့် နေရပြန်ချင်တာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲရောက် စစ်ဘေးရှောင်များသည် အိမ်ငှားဖြင့် တစ်လကို ၄သောင်းမှ ၇သောင်းအထိ ပေးရသည့် အပြင် သောက်သုံးရေ၊ စားနပ်ရိက္ခာ နှင့် အခြားသော အသုံးစရိတ်များကလည်း များပြားသည့်အတွက် နေရပ် ပြန်လိုကြောင်း စစ်ရှောင်ဘေးရှောင်များအား ကူညီပေးနေသူက ပြောသည်။
သို့သော် စစ်ဘေးရှောင်များသည် နှစ်နှစ်ကျော်ကြာ နေအိမ်စွန့်လွတ် စစ်ရှောင်လာကြရသည့်အတွက် တိုက်ပွဲ ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့များမှ အသုံးပြုသည့် မြေမြှုပ်မိုင်း အန္တရာယ် နှင့် လုံခြုံရေး အန္တရာယ် များ စိုးရိမ်ရကြောင်း စစ်ရှောင်ထွက်ပြေးလာသည့် ချုံးဟောင်း (ဝၢၼ်ႈၶိူမ်းၵဝ်ႇ) ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲ့လိုတွေ ကြောက်ရလို့ တချို့က ပြန်သွားပေမဲ့ တချို့ကတော့ ခဏပြန်ပြီး၊ အိမ်ရှင်း ဝိုင်းရှင်းပြီး မြေမြှုပ် မိုင်းတွေ၊ လက်နက်ကျန်တွေ ရှိမရှိ စစ်ဆေးပြီး မြို့ပေါ် ပြန်လာကြတာရှိတယ်၊ နေရပ်ပြန်သွားကြတဲ့ စစ်ရှောင် တချို့ကို SSPP တပ်ဖွဲ့က ဆန်တစ်ပိုင်း ကူညီပေးတယ်လို့တော့ သိရတယ်” ဟု ချုံးဟောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခု ရက်သတ္တပတ်အတွင်း ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ် (ခွဲ) မှ ပုံးလုံကျေးရွာအုပ်စု၊ ဟူးစွန်ကျေးရွာ အုပ်စု နှင့် ခေးနင်းကျေးရွာအုပ်စုတို့မှ ဒေသခံ (၁၅၀) ကျော်တို့သည် နေရပ်ပြန်သွားကြသည်။
အလားတူ အခြားသော နေရပ်ပြန်လိုသည့် စစ်ရှောင်များအားလုံးကိုလည်း နေရပ်ပြန်နိုင်အောင် ကြိုးစားပေး မည်ဟု ဒေသအတွင်း လှုပ်ရှားသည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၏ မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ပြည်သူဘက်ကလည်း နေရပ်ပြန်လိုတဲ့ အကြောင်း တင်ပြလာတာတွေလည်း ရှိနေတယ်။ တဖက်ကလည်း စား ဝတ်နေရေးတွေ၊ ဝမ်းစာလုပ်ကိုင် ရှာဖွေဖို့တွေ နေရပ်ပြန်လိုကြတယ်ပေါ့၊ ဒါကြောင့် မြေပြင် အခြေအနေကို ညှိ ပေးတာ၊ ပြန်သွားရင်လည်း ပြန်လည် လုပ်ကိုင် စားသောက်ဖို့ ကူညီပေးတာမျိုးတော့ ရှိပါတယ်” ဟု ကျောက်မဲ ဒေသ အတွင်းလှုပ်ရှားသည့် SSPP/SSA မြေပြင် အရာရှိ တစ်ဦးက ပြောသည်။
နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် ချုံးဟောင်းမှ ၁၂ အိမ်၊ ချုံးသစ်အှ ၁၆ အိမ်၊ နမ့်ဖြစ်ကျေးရွာမှ (၇) အိမ်၊ ဟင်ဝိုးကျေးရွာမှ (၁) အိမ်၊ ဟူးစွန်ကျေးရွာမှ (၁၂) အိမ်၊ နိမ်းဆိုင်းကျေးရွာမှ (၈) အိမ်၊ မန်ပေါက်ကျေးရွာမှ (၂၆) အိမ်၊ တွန်ဟိတ်ကျေးရွာမှ ၂ အိမ် နှင့် ဝမ်တိန်ကိုင်ကျေးရွာမှ (၁၇) အိမ် ဖြစ်သည်။
လက်ရှိ အချိန်တွင် ကျောက်မဲမြို့နယ်အတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များသည် အိမ်ထောင်စုပေါင်း (၁,၂၅၀) ကျော် ရှိနေပြီး လူဦးရေ (၅,၀၀၀) နီးပါး ရှိနေသေးသည်။