သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲဖြစ်သည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လအကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန်လစဉ် ကူညီ ထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက ကျေးရွာဒေသခံ များထံမှ ဆန်တောင်းစားခြင်း၊ ချေးငှားရခြင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းခဲ့ရသည်။
လက်ရှိ အချိန်ထိ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုရှိ ရေဖြူရွာ၊ ကယန်းလေးရွာ၊ အောင်ကလပ်ရွာ နှင့် စလောင်းထောင်ရွာ စုစုပေါင်း လူဦးရေ (၅) ထောင်ဝန်းကျင်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
“အလှူရှင်က မလာတာ ၃ လ လောက်ရှိပြီ။ ဒီကြားထဲ တစ်ခေါက်တော့ လာသေးတယ်။ ဆန်တွေ လာဝေတယ်။ အဲ့တစ်ခေါက်လာပြီး အခုထိ မလာတော့ဘူး။ သူတို့ လာဝေတာက နှစ်ပတ်လောက်ပဲ ခံတယ်လေ။ စစ်ရှောင် တွေက ရွာကလူတွေနား တောင်းစားရတယ်။ တချို့လည်း ဆန်တွေ ချေးငှားရတယ်။ ပြီးမှ နေ့စားလိုက်ရင် ပြန် ပေးမယ်ပေါ့။ အခုက ဆန်တွေပြတ်နေတာ အရမ်းကို ခက်ခဲနေတယ်“ ဟု ၎င်းက ပြောသည်။
ကူညီပေးနေသူများ ရောက်မလာသေးတာကြောင့် စားနပ်ရိက္ခာ ဆန်များပြတ်လပ်နေမှုကြောင့် စစ်ရှောင်များ အခက်အခဲဖြစ်နေကြသည်။
ထို့အပြင် စစ်ရှောင်များသည် စားဝတ်နေရေး ဖြေရှင်းဖို့အတွက် တစ်ဖက်တစ်လမ်းမှ နေ့စားအငှားလိုက်ချင် သော်လည်း လက်ရှိရာသီ အလုပ်မရှိသေးသောကြောင့် စစ်ရှောင်များ အလုပ်လက်မဲ့ဖြစ်နေကြသည်ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“နေ့စား လိုက်တယ်ဆိုပေမယ့်လည်း နေ့တိုင်းမှ မသွားရတာ။ တစ်နေ့သွားပြီးရင် နောက်နေ့ မသွားရတော့ဘူး။ အခုက ပိုဆိုးတာ။ ပြောင်းတွေလည်း စိုက်ပြီးကုန်ပြီ။ နေ့စားအလုပ်တွေလည်း မရှိတော့ဘူး။ မိခင်ကလေးတွေ၊ မုဆိုးမတွေက ပိုဆိုးတယ်။ တစ်ယောက်ထဲ ရှာရပြီး တစ်ပုံကြီး ဝိုင်းစားကြတာ။ အခုက အလှူရှင်မရှိတာ၊ အလုပ် မရှိတာ ပိုဆိုးတယ်“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့် ၂၀၂၁ မေလပိုင်းမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှ ၂ နှစ်ကျော်ကြာပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင် ခြင်း မရှိသေးဘူးဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာသည့် အချိန်ကာလ ကြာလာသည်နှင့်အမျှ စားဝတ်နေရေး ပိုမို ကြပ်တည်းလာနေသောကြောင့် စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်ရေး လယ်ယာစိုက်ပျိုးရေး လုပ်ငန်း များကို လုပ်ကိုင်ချင်သော်လည်း လယ်ယာများ မရှိခြင်းကြောင့် ရရာ နေ့စားအလုပ်ကို လိုက်ကာ တစ်နေ့ရှာ တစ်နေ့စား ဘဝအဖြစ် နေထိုင်နေကြခြင်း ဖြစ်သည်။