ရခိုင်ရိုးရာ ရက္ကန်းထည်များ ရောင်းအားကျဆင်း၍ လုပ်ငန်းစွန့်ခွာမှုများ ရှိလာ

ရခိုင်ရိုးရာ ရက္ကန်းထည်များ ရောင်းအားကျဆင်း၍ လုပ်ငန်းစွန့်ခွာမှုများ ရှိလာ

ရခိုင်ရိုးရာ ရက္ကန်းထည်များ ရောင်းအားကျဆင်းလာသဖြင့် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူများမှာ လုပ်ငန်းလည်ပတ်မှုအားနည်းလာပြီး လုပ်ငန်းခွင်ရပ်နားရသည်အထိ ဖြစ်ပေါ်နေသည်။

သံတွဲမြို့တွင် ယခင်က ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝယ်ယူမှုကြောင့် ရိုးရာရက္ကန်းထည်ဈေးကွက် အား ကောင်းခဲ့သော်လည်း လက်ရှိတွင် ခရီးသွားဝင်ရောက်မှု နည်းပါးလာသောကြောင့် ရက္ကန်းထည်လုပ်ငန်းများမှာ ရပ်တည်ရန်ခက်ခဲလာခြင်း ဖြစ်သည်။

သံတွဲမြို့နယ်၊ ဘုရားမော်ကျေးရွာမှ ဒေါ်မေသွယ်ဦးက “အရင်တုန်းကဆို ဒီရွာထဲမှာကို ရက္ကန်းစင်တွေ တော်တော် များများရှိတယ်။ အခုက ရွာလုံးကျွတ် ဘယ်သူမှ မရှိကြတော့ဘူး။ ပိတ်သိမ်းထားကြတယ်။ အခြားအလုပ်တွေ ကိုပဲ လုပ်နေကြတယ်” ဟု ပြောသည်။

ဒေါ်မေသွယ်ဦးမှာ မိဘဖြစ်သူ၏ ရက္ကန်းလုပ်ငန်းကို နှစ်ပေါင်း နှစ်ဆယ်ကျော်အထိ လုပ်ကိုင်လာခဲ့သူဖြစ်သည်။

ပြီးခဲ့သည်ကာလက ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် ရက္ကန်းလုပ်ငန်းကို ခေတ္တရပ်နားခဲ့ရာမှ လက်ရှိတွင် ရက္ကန်း ထည်ဈေးကွက် မရှိတော့သဖြင့် အခြားအလုပ်ကို ပြောင်းလုပ်ကိုင်နေသည်။

သံတွဲမြို့နယ်တွင် ကိုဗစ်မဖြစ်ခင်နှင့် စစ်အာဏာမသိမ်းခင်အထိ ရက္ကန်းထည်များ ရောင်းအားအလွန်ကောင်းခဲ့ပြီး အထည်များ မလောက်ငှသည့်အတွက် စစ်တွေကနေ မှာယူရောင်းချရသည့်အထိ ရှိခဲ့သော်လည်း လက်ရှိတွင် ယင်းကာလ၏ ၃ ပုံ ၁ ပုံခန့်သာ ရောင်းအားရှိတော့သည်ဟု ဆိုသည်။

သံတွဲမြို့၊ အမှတ်(၃) ရပ်ကွက်မှ “မိဘရိပ်” ရက္ကန်းထည်ဖြန့်ချိရေးဆိုင်ပိုင်ရှင် ဒေါ်ခင်မျိုးချစ်က “ကိုဗစ်ရောဂါ မပျံ့နှံ့ခင်အထိ တစ်နှစ်ကို ရက္ကန်းအထည် ၁,၀၀၀ လောက်အထိ ရောင်းအားခဲ့တယ်။ အဲဒီကနေစပြီး အခု လက် ရှိထိဆိုရင်တော့ တစ်နှစ်ကို အထည် ၅၀၀ လောက်ပဲ ရောင်းအားရှိပါတော့တယ်” ဟု ပြောသည်။  

သံတွဲမြို့နယ်အတွင်း ဘုရားမော်၊ သရော်တောကျေးရွာနှင့် ဒွာရာဝတီမြို့သစ်ရပ်ကွက်၊ င/ကျော်တောင်ရပ်ကွက်၊ အမှတ်(၁)၊ အမှတ်(၂) ရပ်ကွက် တို့တွင် ရက္ကန်းထည်လုပ်ငန်းခွင် ရာဂဏန်းနီးပါးရှိခဲ့ပြီး လက်ရှိမှာ သရော်တော နှင့် ဘုရားမော်ကျေးရွာရှိ ရကက္ကန်းစင်များအားလုံးကို ရပ်နားထားရသည်။

ယခုအခါ သံတွဲမြို့အတွင်း ရက္ကန်းစင် ၁၅ ခုလောက်သာကျန်ရှိပြီး ယင်းရက္ကန်းစင်အချို့မှာလည်း မိုးရာသီဖြစ် သည့်အတွက် ရပ်နားထားကာ မိုးကုန်လျှင် ပြန်ဖွင့်မည်မှာလည်း မသေချာသေးကြောင်း ပြောကြသည်။

“ကိုဗစ်မဖြစ်ခင်ထိ ရက္ကန်းစင်တွေ တော်တော်လေးရှိခဲ့တယ်။ အခုက ဧည့်သည်တွေ  လုံးဝနီးပါးမရှိတော့ ရောင်အားမကောင်းဘူး။ ရန်ကုန်ဘက်ကနေ လက်ဆောင်ပေးဖို့ဝယ်တဲ့ လူတွေလောက်ပဲရှိတဲ့အခါကျတော့ ရက္ကန်းစင်တော်တော်များများက ပိတ်သိမ်းသွားကြတယ်” ဟု သံတွဲ အမှတ်(၁) ရပ်ကွက် “ရွှေဝတီ” ရက္ကန်း ထည်လုပ်ငန်းပိုင်ရှင် ဒေါက်တာ စိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ ဒေသမတည်ငြိမ်မှု စသည့် အကျပ်အတည်းများ ဖြစ်ပေါ်နေရပြီး ခရီးသွားလုပ်ငန်းလည်း ကျဆင်းနေဆဲဖြစ်သည်။ ခရီးသွားလုပ်ငန်း ကျဆင်းနေခြင်းကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို မှီခိုအားထားနေရသည့် သံတွဲမြို့နယ်က ရိုးရာရက္ကန်း လုပ်ငန်းများမှာ ထိခိုက်လာနေခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း ရခိုင်ရိုးရာ ရက္ကန်းထည်များကို စစ်တွေနှင့် သံတွဲမြို့နယ်တို့တွင် စီးပွားဖြစ်လုပ်ကိုင်ကြပြီး မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း အနည်းအကျဉ်း လုပ်ကိုင်သူများရှိသည်။

ရခိုင်ရိုးရာ ရက္ကန်းပုဆိုးတစ်ထည်ကို အနိမ့်ဆုံး ငွေကျပ် ၁၀,၀၀၀ မှ အမြင့်ဆုံး ငွေကျပ် ၅၀,၀၀၀ နှင့် အထူးအော်ဒါအဖြစ် ငွေကျပ် ၁၀၀,၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေသည်။

Most read this week

ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။
November 8, 2024
အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထားသည့်...
November 8, 2024
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သက်ကြီးပိုင်းအရွယ်များ လေဖြတ်ရောဂါဖြစ်ပွားမှု...
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...