ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမယ့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)ရဲ့ လမ်းခရီးစဉ်မှာ အဆင်ပြေချောမွေ့စေပြီး အပစ်အခတ်ရပ်စဲရေး အထ မြောက်ဖို့အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီတွေက ၀တ်ပြုဆုတောင်းခြင်းတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ကရင်နီသာသနာနဲ့ ယဉ်ကျေးမှု အဖွဲ့ရဲ့ လမ်းညွန်မှုဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နဲ့ ၂ မှာ ခိုလှုံနေထိုင်တဲ့ ကရင်နီလူမျိုးတွေက ကရင်နီပြည် လွိုင်ကော်မြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို သွားရောက်တွေ့ဆုံဆွေးနွေးမယ့် ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့ဝင်အတွက် ၀တ်ပြုဆုတောင်းပေးခဲ့ကြတာပါ။
“ကျမတို့ ခေါင်းဆောင်တွေ အခုလို သွားရောက်ဆွေးနွေးပြောဆိုတာတွေ တိုင်းပြည်အတွက် အကျိုးရှိစေ ပြီးတော့ ပြင်ဆင်မှုတွေ ဆွေးနွေးပြောဆိုမှုတွေဟာ လာရောက်ဆွေးနွေးကြမယ့် ဗမာ စစ်ခေါင်းဆောင်တွေနဲ့ ကိုက်ညီဖို့ ဒီအချက်က အရေးကြီးဆုံးပေါ့နော့် အားလုံးက ဆုတောင်းကြတာပါ” လို့ အမှတ် ၁ စခန်းမှ ခရစ်ယာန် သင်းအုပ်ဆရာမ ဘျားမြာက ပြောပါတယ်။
ဒီဆုတောင်းပွဲတွေကို ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နဲ့ ၂ မှာ ဘာသာအလိုက် သက်ဆိုင်ရာ မိမိဘုရား ကျောင်းတွေမှာ ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။
“ဆုတောင်းတာက တဖက်တလှမ်းကလည်း ကျနော်တို့လည်းပဲ ဖြစ်မြောက်စေချင်တယ်ပေါ့နော့်။ ငြိမ်းချမ်း ရေးဆိုတာ လူတိုင်း လိုလားတာပဲလေ။ စစ်ဖြစ်ရင်တော့ ဒုက္ခရောက်ကြတာပဲလေ။ အဲဒါကို အပစ်ခတ်ရပ်စဲ ရုံလောက်နဲ့တော့ ငြိမ်းချမ်းရေး ရတယ်လို့ ပြောလို့ မရဘူးပေါ့။ အဲဒါ ရပ်စဲတာ ရပ်စဲတာပဲ။ ပြီးရင် ပြန်ပေါက်ရင် ပေါက်မှာ ပြောလို့ မရဘူးလေ။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို တကယ် အစစ်အမှန် ရဖို့ လိုတယ်လို့ ကျနော်ထင်တယ်” လို့ အမှတ် ၁ စခန်းအုပ်ချုပ်ရေးကော်မီတီမှ ဒုဥက္ကဌ ဦးအောင်မောင်းက ပြောပါတယ်။
ကေအဲန်ပီပီဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သွားရောက်တွေ့ဆုံဆွေးနွေးဖို့အတွက် မနေ့က ထိုင်း-မြန်မာနယ်စပ်က ထွက်ခွာခဲ့ပြီး တာချီလိတ်မှတဆင့် လွိုင်ကော်မြို့သို့ လေယာဉ်ဖြင့် ဒီနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာပါတယ်။
ကေအဲန်ပီပီနဲ့ အစိုးရတို့ဟာ မနက်ဖြန် ရ ရက်နေ့မှာ လွိုင်ကော်မြို့ရဲ့ ခန်းမဆောင်မှာ အပစ်အခတ်ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
“ဘယ်လို ဖြစ်လာမယ် ဆိုတာ မသိသေးဘူး။ အားလုံးကို အကောင်းဘက်က မျော်လင့်နေကြတာပဲလေ။ အကောင်းဘက်က ဖြစ်ပေါ်လာဖို့ မျော်လင့်နေကြတာပါပဲ။ လိုချင်တာတွေ အကုန်လုံး ရနိုင်မလား ဆိုတာ မပြောတတ်ဘူးပေါ့နော်” လို့ ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့ဝင် ခူထဲဘူးက ပြောပါတယ်။
ကေအဲန်ပီပီနဲ့ အစိုးရတို့ဟာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ယူခဲ့ကြပေမဲ့ ၃ လ အကြာမှာ ပြန်လည်ပျက်ပြားခဲ့ကြပါတယ်။