မီးကြောင့် UN ကဒ် ပျက်စီးသူစာရင်း အုန်းဖျန်တွင် ကောက်ယူ

မီးကြောင့် UN ကဒ် ပျက်စီးသူစာရင်း အုန်းဖျန်တွင် ကောက်ယူ
by -
ကေအိုင်စီ

အုန်းဖျန်ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် ဒုက္ခသည်သက်သေခံ(UN)ကဒ်ပြား ပျက်စီးဆုံးရှုံးခဲ့ ရသူစာရင်းကို ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူနှစ်ဦးက ယနေ့ လာရောက်ကောက်ယူခဲ့ကြောင်း အုန်းဖျန်စခန်းဥက္ကဌ စောဝါး ထီးက ပြောသည်။

အုန်းဖျန်မီးဘေးဒုက္ခသည်များ (Photo-KIC)
“မီးလောင်တော့ UN ကဒ်တွေ ပျောက်သွားတာပေါ့။ အဲဒီလိုလူတွေကို ဓါတ်ပုံပြန်ထုတ်ပေးဖို့ ကိစ္စနဲ့လာတာ ပါ။”ဟု စောဝါးထီးက ပြော သည်။

UN ကဒ် ပျက်စီးသွားသည့် လူဦးရေ မည်မျှရှိကြောင်းနှင့် UNHCR က အသစ် ပြန်ရိုက်ပေးမည့်အချိန်ကိုလည်း မသိရှိရသေးကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃)ရက်နေ့က အုန်းဖျန်ဒုက္ခသည်စခန်းရှိ ရပ်ကွက်(၆)၊ (၇)၊ (၈)တို့တွင် မီးလောင် မှု ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များ ၏ အိမ်ခြေတစ်ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
အုန်းဖျန်မီးဘေးဒုက္ခသည်များ (Photo-KIC)
UN ကဒ် ကိုင်ဆောင်ထားသူများသည် UNHCR က အသိအမှတ်ပြုထားသည့် ဒုက္ခသည်များဖြစ်ပြီး မိမိတို့ သွားလိုသည့် တတိယနိုင်ငံသို့ လည်း သွားရောက်ရန် လျှောက်ထားနိုင်ကာ ပညာသင်ကြားနိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အရေးများရှိသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ရပ်ကွက်(၁၆)ခု၌  အိမ်ခြေ (၃,၅၀၀)လုံးကျော်ရှိ ကာ လူဦးရေ (၁၇,၀၀၀)ခန့်ရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။