ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ခရိုင်ကော်မရှင်မှ ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွင် မှားယွင်းမှု ဖြစ်ပေါ်နေသည်ဟု မြောင်းမြမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းရွှေ က မဇ္ဈိမကို ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် မပြည့်သေး၍ မဲပေးပိုင်ခွင့့်စာရင်းတွင် မပါဝင်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် တွင် အသက်ပြည့်ပြီးသူများ မဲပေးပိုင်ခွင့် စာရင်းတွင် မပါခြင်း၊ မှတ်ပုံတင် အမှတ်များ မှားယွင်းခြင်း၊ မိဘအမည်များ မှားယွင်းခြင်း၊ မဲဆန္ဒနယ်အတွင်း နေထိုင်ခြင်းမရှိသည့် လူအမည်များ ပါဝင်နေခြင်းတို့မှာ လူ ၁ဝဝ တွင် ၂၅ ယောက် ခန့် ဖြစ်ပေါ်နေသည်ဟုလည်း NLD ရပ်/ကျေးအဖွဲ့ဝင်များ၏ စာရင်းပေးပို့ချက်ကို ကိုးကား၍ ဦးဝင်းရွှေက ခန့်မှန်းပြောဆိုသည်။
"ရွာတိုင်း ဖြစ်နေတာပါခင်ဗျာ။ မလွတ်ပါဘူး။ မြို့ပေါ်မှာလည်း ဖြစ်နေပါတယ်။ တရပ်ကွက်မှ မလွတ်ပါ ဘူးခင်ဗျာ။ ကျနော့်ဆီကို နေ့စဉ်နေ့စဉ် ရပ်ကွက်တွေ ရွာတွေက စာရင်းတွေ တက်လာနေတာ အဲဒီကိစ္စတွေ တက်လာနေပါတယ်။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်လို့ အထိတွေ့ရဆုံးပါပဲ" ဟု ပြောသည်။
မြောင်းမြမြို့ပေါ်တွင် မဲပေးနိုင်သည့် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိပြီး မြို့နယ်တွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုမှ ရွာပေါင်း ၆ဝဝ ခန့်တွင် ထိုအခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟု ဦးဝင်းရွှေက ဆိုခြင်းဖြစ်သည်။
"မဲစာရင်းမှာ သေပြီးသားလူတွေ ပါတယ်။ ရှင်တဲ့လူတွေ မပါဘူး။ မြောင်းမြမြို့က ဦးစံပြံုးဆိုတဲ့ မိသားစုမှာ လွန် ခဲ့တဲ့ ရ နှစ်လောက်က ဆုံးသွားတဲ့ ဦးစံပြံုး ပါပြီးတော့ သက်ရှိထင်ရှားရှိနေတဲ့ သူ့သမီးတယောက် မပါဘူး။ အဲဒီလိုမျိုးတွေ ဗျာ တမြို့နယ်လုံး ဖြစ်နေတယ်" ဟု ဦးဝင်းရွှေက ပြောသည်။
မဲဆန္ဒရှင်များ၏ စာရင်းများကို NLD လူငယ်များက လက်ရေးဖြင့် ကူးယူ၍ စစ်ဆေးနိုင်ရန် ကြိုးပမ်းမှုကိုလည်း တနင်္လာနေ့က မြောင်းမြမြို့ အမှတ် ၈ ရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌမှ တားမြစ်ခဲ့သည်ဟုလည်း သိရသည်။
မှားယွင်းမှုများနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ စာရေးသား တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်မှ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟု သိရသည်။
နည်းဥပဒေအရ သတ်မှတ်ပုံစံစာရွက်များတွင် ဖြည့်စွက်ကာ ကော်မရှင်သို့ တင်ပြတောင်းဆိုနိုင်သည်ဟု ပါရှိသည်။
မြောင်းမြမဲဆန္ဒနယ်တွင် NLD ပါတီမှ မန်းဂျော်နီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဖြိုးကိုကို တင့်ဆန်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
NLD ၏ အဓိက ပြိုင်ဘက်ဟု အများက ယူဆသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။ ဖေဖေါ်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ် များအတွင်း ဘောလုံးကွင်း အသုံးပြုမှုကို ဦးတင့်ဆန်း က ပိတ်ပင်ခဲ့ဖူးသည်။
၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ကြ့ံခိုင်ရေးပါတီမှ ဦးတင့်ဆန်း အနိုင်ရကာ ပြည်ထောင်စု ဝန်ကြီး ဖြစ်လာခဲ့သည်။
မြောင်းမြမဲဆန္ဒနယ်တွင် ဖြစ်ပေါ်နေသည့် အထက်ပါဖြစ်ရပ်မျိုး ဖျာပုံ မဲဆန္ဒနယ်တွင်လည်း ဖြစ်ပေါ်နေသည်။ မဲဆန္ဒရှင်များ စာရင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲကာလအတွင်းက ကောက်ယူထားသည့် စာရင်းများတိုင်း ယခု ထပ်မံ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဖျာပုံ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။
ဦးသိန်းဆွေက အဆိုးရွားဆုံး ဖြစ်ရပ်အဖြစ် မဲဆန္ဒရှင် ရဝဝ ခန့်ရှိမည့် ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက်တွင် မှတ်ပုံတင်နံပါတ် ၁၄/ဖပန (နိုင်) ၁၄၄၂၆၇ တခုတည်း ကို လူ ၂၆ ယောက် ဖြစ်နေသည့် ဖြစ်ရပ်ကို ညွှန်းဆို၍ မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။