တရေးနိုးတဲ့ညတွေ မှောင်နေဆဲ

တရေးနိုးတဲ့ညတွေ မှောင်နေဆဲ
by -
M. ထက်ခေါင်

ချမ်းစိမ့်စိမ့် ဆောင်းညများတွင် ငှက်ဖျားတက်ခဲ့ဖူးသည်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဆိုသောစကားမှာ တကယ် ပင် ဖြစ်၏။ စိတ်အလျဉ်ပြေးလွှားရာ လိုက်လျှောက်မြင်မက်နေသည့် တောင်စဉ်ရေမရ အိပ်မက်အပိုင်းအစများမှာ လုံးလည်ပတ်ချာလိုက် ပြီး အကြောင်းအရာတခုတည်း၊ တနေရာတည်းကို ထပ်ခါထပ်ခါ ပြန်၍ ရောက်ရောက်နေတတ်သည်။

(၁)

ချမ်းစိမ့်စိမ့် ဆောင်းညများတွင် ငှက်ဖျားတက်ခဲ့ဖူးသည်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဆိုသောစကားမှာ တကယ် ပင် ဖြစ်၏။ စိတ်အလျဉ်ပြေးလွှားရာ လိုက်လျှောက်မြင်မက်နေသည့် တောင်စဉ်ရေမရ အိပ်မက်အပိုင်းအစများမှာ လုံးလည်ပတ်ချာလိုက် ပြီး အကြောင်းအရာတခုတည်း၊ တနေရာတည်းကို ထပ်ခါထပ်ခါ ပြန်၍ ရောက်ရောက်နေတတ်သည်။ ပြန်ရောက်တတ်သည့် နေရာတွေ ကလည်း အိပ်မက် အဆုံးသတ်ရမည့် နေရာတွေ မဟုတ်။  ပြီးပြတ်ပြေလည်အောင် ဖြေရှင်းပေးလိုက်သည့် ကျေနပ်ဖွယ် အိပ်မက်အမျိုး အစားများ မဟုတ်ဘဲ မရေရာ မသေချာသော အနာဂတ်ကို ခပ်ရေးရေး လှမ်းမြင်လိုက်ရသည့် အိပ်မက်မျိုးတွေသာ ဖြစ်သည်။

ဒုန်းစိုင်းလာခဲ့ပြီးနောက် ကမ်းပါးအစွန်းတဘက်မှ အခြားသော ကမ်းပါးအစွန်းတဘက်သို့ ခုန်၍ကူးခါနီးမှာပင် စီးလာသော မြင်း က တုံ့ကနဲရပ်လိုက်သည်။ ကမ်းပါးစွန်းနှစ်ဘက်၏ အကွာအဝေးမှာ အရှိန်ဖြင့် ပြေး၍ လွှားကနဲခုန်မည်ဆိုလျှင် ရောက်ရှိကောင်း ရောက် ရှိသွားနိုင်သည့် အနေအထား ဖြစ်သည်။ ကမ်းပါးစွန်းမှာ ရပ်လိုက်သည့် မြင်းပေါ်မှနေ၍ ကမ်းပါးအောက်သို့ လှမ်းအကြည့် တိမ်ခိုးတွေ အကြား အသူတရာနက်သော ချောက်ထဲမှာ ကွေ့ကောက်စီးဆင်းနေသော ချောင်းကလေးကို တီကောင်ကလေး တကောင်ပမာ တွေ့ရ လေသည်။

တဘက်က ချောက်ကမ်းပါးစွန်း၏ နောက်ဘက် ခပ်လှမ်းလှမ်းကိုမူ မြူတွေဆိုင်းနေသောကြောင့် ဘာတွေ ရှိနေမှန်း သဲကွဲစွာ မမြင်ရ။ ထိုမြူများ၏ နောက်တွင် စိမ်းလန်းသော မြက်ခင်းပြင်ကြီး ရှိနေမည်လား၊ ကြည်လင်ဧမြသော စမ်းချောင်းငယ်ကလေးတခု ရှိနေ မည်လား၊ တပ်အပ် သေချာ မပြောနိုင်။ ရှိကောင်း ရှိနိုင်သည်။ မရှိချင်လည်း မရှိနိုင်။ အကယ်၍ ရှိနေပါက ထိုနေရာ၌ တွေ့ရမည့်ရေမှာချောက်ကမ်းပါးအောက် မှာ မြင်နေရသည့်ရေထက် ပို၍ ကြည်လင်ဧမြပြီး ထိုနေရာရှိ မြက်ခင်းပြင်မှာလည်း စိမ်းစို လတ်ဆတ် သန့်ရှင်း နေလိမ့်မည်ဟု မှန်းဆနိုင်သည်။
DSCN1358
မြင်းသည် မောဟိုက်ပင်ပန်းလျက် ရေကို အငမ်းမရ ငတ်မွတ် တောင့်တလျက်ရှိ၏။ လှမ်း၍မြင်နေရသော ရေကို သောက်ရန် ဖြတ်လမ်းနည်းဖြင့် ကမ်းပါးအောက်သို့ စွန့်စွန့်စားစား ခုန်ချလိုက်မည်လား၊ ရေရှိမရှိ မသေချာမရေရာသော ကမ်းပါးတဘက်စွန်းသို့ အရှိန် ဖြင့် မိုက်မိုက်ကန်းကန်း ခုန်၍ကူးမည်လား။
ဟိုရောက် ဒီရောက် မြင်မက်နေသော အိပ်မက်အကြောင်းအရာပေါင်း များစွာထဲတွင် ထိုအိပ်မက်သည် ထိုနေရာ၌ပင် တဝဲလည် လည် ဖြစ်နေ၏။ ထပ်ခါတလဲလဲ မက်နေသော အိပ်မက်မှ ရုန်းထွက် နိုးထလျက် အိပ်ရာဘေး ပြူတင်းတံခါးကိုအဖွင့် အပြင်ဘက်တွင်  ညသည် မှောင်ပိန်းနေဆဲပင် ဖြစ်လေသည်။

(၂)

             ဗမာပြည်ထဲ အပြောင်းအလဲတွေ ဖြစ်နေပြီဟု ပြောနေကြသည်။ ဟိုကပြော ဒီကပြောဖြင့် ပြည်တွင်းပြည်ပ ပြောဆိုနေကြသော အပြောင်းအလဲတွေ ဆိုသည်မှာ ဘာတွေပါနည်း။ ဘာအပြောင်း အလဲတွေများ ထူးထူးခြားခြား ဖြစ်နေပါသနည်း။ ကျနော် နေ့စဉ်နေ့တိုင်း ပြည်ပ ရေဒီယို နှစ်လုံးသုံးလုံး နားထောင်သည်။ အင်တာနက်က စာတွေကို ဖတ်သည်။ ဗမာပြည်အတွက် ထူးခြားထင်ရှား ကောင်းမွန် သည့် တိုးတက်ပြောင်းလဲမှု တစုံတရာ မတွေ့။ မင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့ကို လွှတ်ပေးလိုက်ခြင်းမှာအပြောင်း အလဲမဟုတ်။ ထိုပုဂ္ဂိုလ် တို့မှာ စအဖမ်းခံရကတည်းးက အပြစ်မရှိသူတွေ ဖြစ်၏။ လူထုအကျိုး မျှော်ကိုး လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်၏။ သူတို့အပေါ် မတရား နှစ်ရှည် ထောင်ဒဏ်များ ချထားသည်ကို ဗမာပြည်လူထုကော ကမ္ဘာကပါ သိကြ၏။ ထိုသူတွေကို လွှတ်ပေးလိုက်ခြင်းမှာ လွှတ်သင့်သူ များကို လွှတ်ပေးခြင်းသာဖြစ်၍ ကြီးမားသော ပြောင်းလဲမှုကြီး မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ၎င်းတို့ စစ်အုပ်စု လက်အောက် လွှတ် တော်ထဲဝင်၍ အခြေခံဥပဒေ ပြင်မည့်ကိစ္စမှာလည်း ဗမာပြည်သူလူထုအတွက် သေချာရေရာစွာ မျှော်လင့်နိုင်သည့် အပြောင်းအလဲ ကောင်း မဟုတ်။

ကမ္ဘာသိ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြ၊ တိုင်းရင်းသားတွေနှင့် အယောင်ပြ ဆွေးနွေးပွဲတွေ လုပ်ပြပြီး စီးပွားရေးပိတ် ဆို့မှုတွေ ရုတ်သိမ်းပေးဖို့၊ အကူအညီတွေ ပေးဖို့ သမ္မတကိုယ်တိုင် မနေနိုင် မထိုင်နိုင် တောင်းတာကတော့ အရှက်မရှိ ဗြောင်ကျလွန်း တုံးလွန်းရာ ကျလေသည်။ တကယ်တော့ ကိုယ့်တိုင်း ပြည်ထဲက အရေးကိစ္စမှာ ကိုယ့်ကိစ္စသာ ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုအ ပေါ် တကယ်တမ်း စေတနာရှေ့ထားပြီး ကောင်းရာကောင်းကြောင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ရမည်မှာ ကိုယ့်တာဝန်သာ ဖြစ်သည်။ ပြည်ပနိုင်ငံတွေက ကူကူမကူကူ ကိုယ်လုပ်ရမည့်အလုပ်ကို လုပ်မည်ဆိုလျှင် လက်ဖြန့်တောင်းစရာ မလို။ ပြည်ပနိုင်ငံတွေက ဒေသတွင်း အရေးကိစ္စတခုအဖြစ် ကြည့်နေကြတာဖြစ်ပြီးတကယ်တမ်းစေတနာ မှန်ကြောင်း ၎င်းတို့ ယုံကြည်ပါက ပြည်သူလူထုအကျိုးအတွက်  အကူအညီပေးလာမှာ ဖြစ်သည်။ ယခုလို ကိုယ့်ပြည်တွင်းရေးကိစ္စကို မစွတ်မပွတ် လိုက်လျောမှုတွေ အလျှော့အတင်းတွေ လုပ်ပြပြီး ပြည် ပက ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့နဲ့ အကူအညီတွေ ပေးကြဖို့ တောင်းခံသည်မှာတော့ ဇာဂနာပြောသည့်အတိုင်း နိုင်ငံရေးသမားတွေ ပြန် ပေးဆွဲခံထားကြရသလို ဖြစ်နေသည်။

စစ်အုပ်စုက လူထုအတွက် မဖြစ်စလောက် အပေါ်ယံကြော ပြုပြင်ပြောင်းလဲမှုများ လုပ်ပြသည်မှာ အချို့ကိစ္စရပ်များ၌ ပို၍ပင် ဆိုး သွားခဲ့သည်။ ဥပမာ စာပေစိစစ်ရေးဖြုတ်ပြီး ထုတ်တင်လုပ်ရသည့် ကိစ္စ။ ရိုက်နှိပ်ထုတ်လုပ်ပြီးပါမှ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြဿနာရှာလျှင် ထုတ်ဝေရင်းနှီးခဲ့သမျှ ဆုံးရှုံးသည့်အပြင် တရားစွဲဆိုခြင်းပါ ခံရမည် ဖြစ်၏။ ဦးပိုင်လယ်မြေကိစ္စ၊ မြေလွတ် မြေရိုင်းကိစ္စတွေမှာလည်း လက်လုပ်လက်စား တောင်သူလယ်သမားများကို ချိုးနှိမ်ထားပြီး ကုမ္ပဏီကြီးများ၏ လက်ဝါးကြီးအုပ် လုပ်ပိုင် ခွင့်တွေကို ပြဌာန်းထားသည်။ မင်းကိုနိုင်တို့ကို ဖမ်းသည်မှာ ဓာတ်ဆီစျေးတက်မှုအပေါ် လမ်းလျှောက် ဆန္ဒပြခဲ့ကြ၍ ဖြစ်၏။ ယခု သူတို့ ကို လွှတ်ပေးလိုက်ချိန်၌ ဓာတ်ဆီစျေးမှာ ယခင်ထက်  ၃၀ရာခိုင်နှုန်း ထပ်တက်လိုက်ပြီး ဖြစ်လေသည်။
အရပ်ဝတ် အရေခြံုစစ်အစိုးရက လူထုအတွက် ဘာတွေ ပြေလည်အောင် လုပ်ပေးနိုင်ခဲ့ပြီလဲ။ တိုင်းရင်းသားတွေနှင့် အပစ်ရပ် ရေး တွေ့ဆုံဆွေးနွေးမှုများမှာ အပေါ်ယံကြောသာဖြစ်၏။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အဖြေရှာပြီး ရရှိလာမည့် စစ်မှန်သော ငြိမ်း ချမ်းရေးကို လိုလားကြသည်။ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ကရင် အားလုံးပင် ယခင်ကတည်းက ထိုသဘောထားအတိုင်းရှိကြသည်။ စစ်အုပ်စု က မလိုက်လျောခဲ့။

ယခုအချိန်၌ တိုင်းရင်းသားတို့ လိုလားချက်အတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မည့် လမ်းစဉ်သို့ ပြောင်းလဲလာပြီလား။  ယခု လော လောဆယ်တွင် ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)သို့ စစ်အင်အားများ တိုးမြှင့် ပို့ဆောင်နေသည်။ တပ်မဟာ(၆)နှင့် တပ်မဟာ ၂၊ ၃၊ ၅ တို့တွင်လည်း တပ်ရိက္ခာများနှင့် လက်နက်ခဲယမ်းများ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီကတည်းကစပြီး ယခုအချိန်အထိ တဖြည်း ဖြည်း ပို့ဆောင်နေဆဲဖြစ်၏။ တဘက်က အပစ်အခတ်ရပ်ဆိုင်းရေးလုပ်ပြီး တဘက်က ကျူးကျော် အမြတ်ထုတ်ကြခြင်းဖြစ်သည်။

    ကေအဲန်ယူနှင့် ရှမ်းအပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အတော်များများ စစ်အုပ်စုနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီချက် များ လက်မှတ်ရေးထိုးလိုက်ကြသော်လည်း လက်မှတ်ထိုးပြီးနောက်ပိုင်းမှာပင် ကေအဲန်ယူ တပ်မဟာ(၃)ဘက်၌ ရန်သူက လက်နက်ကြီး များဖြင့် လှမ်းပစ်၍ အပစ်အခတ်ရပ်ရေး သဘောတူညီချက်မှာ ခိုင်မာမှု မရှိသေးချေ။ ရှမ်းပြည်ထဲမှာလည်း အပစ်အခတ် ရပ်စဲရေးနောက် ပိုင်း တိုက်ပွဲတွေ ၀န်းရံပိတ်ဆို့မှုတွေ ဟိုနားတကွက် ဒီနားတကွက် ဖြစ်ပွားလျက်ရှိသည်။ ခိုင်မာမှုမရှိသော အပစ်အခတ်ရပ်စဲရေးကို မျက် ကွယ်ပြုကာ ၎င်းတို့ စစ်အုပ်စုဘက်က ကျူးကျော်ပစ်ခတ်မည်ဆိုလျှင် တော်လှန်သော တိုင်းရင်းသားများဘက်ကလည်း ပြန်လည် တုံ့ပြန် ရမည်သာ ဖြစ်လေသည်။

(၃)

စစ်အုပ်စုနှင့် အပစ်အခတ်ရပ်ရေး ကေအဲန်ယူဘက်မှ တင်ပြသော သဘောတူညီချက် (၁၁)ချက်တွင် ကြောက်ရွံခြင်းကင်းသည့် ပြည်သူပြည်သားဘဝအဖြစ် ရန်တည်နိုင်ရေး အာမခံရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ ပြည်သူပြည်သားဘဝ ပြန်လည်ထူ ထောင်ရေးနှင့် ပြည်သူတို့၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန်၊ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန်၊ အထူးသဖြင့် တိုင်း ရင်းသားတို့ နယ်မြေများအတွင်း စစ်ပွဲများ အမြန်ဆုံး ရပ်စဲရန်နှင့် ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်နည်းလုပ်ဟန်များ ပါရှိသည်။

ထိုအချက်များအားလုံးကို စစ်အုပ်စု မီးရထားဝန်ကြီးက သဘောတူညီလိုက်ပြီး ထိုအချက် (၁၁)ချက်ကိုသာမက အခြားသော တင်ပြလိုသည့် အကြောင်းအချက်များ ရှိလျှင်လည်း တင်ပြနိုင်သေးကြောင်း တက်ကြွစွာ ပြောခဲ့သည်ကို ဗီဒီယိုထဲမှာ တွေ့ရသည်။

ကေအဲန်ယူက ပဏာမ သဘောတူညီချက် လက်မှတ်ထိုးပြီး နောက်တနေ့မှာပင် မင်းကိုနိုင်တို့ ကိုကိုကြီးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာကြသည်။ တိုင်းရင်းသားတို့ နယ်မြေမှ ဖမ်းဆီးထားသူများနှင့် နိုင်ငံရေးသမား အချို့ကတော့ ကျန် ရှိနေသေးသည်။ မန်းငြိမ်းမောင်အား လက်ဆောင်အဖြစ် လွှတ်မည်ပြောပြီး နောက်ပိုင်းရက်များမှာ ထပ်မံတရားစွဲဆိုမှုတွေ လုပ်လာသည့်  အဖြစ်မှာတော့ စစ်အုပ်စု၏ ကတိစကား မတည်ကြည်မှုကို တွေ့မြင်ရလေသည်။

မကြာသေးမီကလည်း နယ်ခြားစောင့်တပ်က လက်နက်ဝင်သိမ်းသောကြောင့် ဒီကေဘီအေနှင့် ပြန်လည် ပစ်ခတ်မှုတွေ ဖြစ် သည်။ ရန်သူ့အစီအစဉ်ဖြစ်ကြောင်း ဒီကေဘီအေက သိ၍ ငြိမ်းချမ်းရေးယူထားသည့် ကာလတွင် ဤသို့မဖြစ်သင့်ကြောင်း ပြောဆိုကာ လက်နက်များကို ပြန်တောင်းသည်။ ဘီဂျီအက်ဖ်နှင့် ဒီကေဘီအေတို့ နှစ်ဘက် ပြေလည်ကြသော်လည်း စစ်အုပ်စုက လက်နက်တွေကို ပြန်မပေးဟုဆိုလိုက် သည်။ ကရင်အချင်းချင်းအကြား ခလောက်ဆန်နေသော ၎င်းတို့စစ်အုပ်စု၏ သဘောထားကို ပီပြင်ထင် လင်းစွာ ထပ်မံ သိရှိလာရပြန်သောကြောင့် ဒီကေဘီအေသည် စစ်အုပ်စုနှင့် ချုပ်ဆိုခဲ့သောအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရုတ်သိမ်း ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် ပြန်လည်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကြေညာလိုက်လေသည်။

ထိုသို့ ကြေညာလိုက်သည့် နောက်တနေ့မှာပင် စစ်အုပ်စုက ဒီကေဘီအေ၏ လက်နက်များကို ပြန်၍ပေး လာသည်။ ဒီကေဘီ အေ၏ ရိုးရှင်းပွင့်လင်းသော ရပ်တည်မှုအပေါ် မလေးမခန့်လုပ်၍ မရကြောင်း ၎င်းတို့ သိမြင်သွားခဲ့ကြသည်။

အခါမဟုတ် အရာမဟုတ်၊ ရှေ့လောတကြီး လက်နက်တွေ သိမ်းခိုင်းသည်ကစ၍ ဒီကေဘီအေသာမက ၎င်းတို့နှင့် အပစ်ရပ် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော တိုင်းရင်းသားများ အားလုံးသည်လည်း ရန်သူ၏ သဘောထားအမှန်ကို ပိုမိုသဘောပေါက် သိမြင်သွား ကြပြီ ဖြစ်လေသည်။ စစ်အုပ်စုသည် ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ် အပါအဝင် ကရင်တမျိုးသားလုံးကိုသာမက တိုင်းရင်းသားအဖွဲ့ အစည်း အားလုံးအပေါ် အခြေအနေပေးလျှင် ပေးသလို ဆက်လက် အကောက်ကြံရန် အကွက်ချောင်းနေမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်၏။

ဖေဖော်ဝါရီ ၂၂ရက်နေ့ ကေအဲန်ယူမှ ထုတ်ပြန်ကြေညာလိုက်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိုင်ရန် မရှိမဖြစ် လိုအပ်သော အဆင့်လေးဆင့်တွင် ပဏာမ အပစ်အခတ်ရပ်စဲရေး အဆင့်၊ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်၊ ကနဦးနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု (အခြေခံနိုင်ငံရေး ပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး)နှင့် နိုင်ငံရေးအရ ပူးပေါင်း ပါ၀င်ခြင်း ဟူ၍ တွေ့ရှိရသည်။

တိုင်းရင်းသားများအနေဖြင့် အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် စစ်အုပ်စု လက်အောက်ခံ အရပ်ဝတ်အစိုးရအား ယူအဲန်အက်ဖ်စီနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်စေချင်သည်။ သို့ရာ တွင် စစ်အုပ်စုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည့်အစား တိုင်းရင်းသားတို့ ဒေသအတွင်း တပ်တွေတိုးချ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ တိုးပို့ စသည့် နယ်မြေစိုးမိုးရေး လုပ်ရပ်များ လုပ်ဆောင်လာသောကြောင့် ကေအဲန်ယူသည် စစ်အုပ်စုတပ်များ ကျေး ရွာများအနီးမှ အားလုံး ရုတ်ပေးရန်၊ ဒေသတွင်း အများအပြား ပို့ဆောင်ထားသော တပ်အင်အားကို လျှော့ချရန်၊ တပ်သား၊ ရိက္ခာ၊ လက် နက်ခဲယမ်းများ ပို့နေမှုကို ချက်ချင်း ရပ်ပစ်ရန်နှင့် ကနဦးသဘောတူညီ ချက် ၁၁ချက်တွင် ပါ၀င်ခဲ့သော်လည်း အပြည့်အဝ ဆောင်ရွက်ပေး ခြင်း မရှိခဲ့သော နိုင်ငံရေးအကျဉ်းသား အားလုံး (ကရင်ရွာသားများနှင့် ကေအဲန်ယူအဖွဲ့ဝင်များ အပါအဝင်) ချက်ချင်းလွှတ်ရန်၊ တိုင်းရင်းသားဒေသ အားလုံးမှ စစ်ဆင်ရေးအားလုံး ချက်ချင်းရပ်ရန် ထုတ်ပြန် တောင်းဆိုလိုက်လေသည်။ မိမိတို့တောင်းဆိုမှုများ ကို စစ်အုပ်စုက လိုက်လျောလာမည်လား။ အကယ်၍ မလိုက်လျောပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်နည်း။ ဒေသခံ ကရင်တပ်မှူးတပ်သားများ၏ တောက်ပပြောင်မြောက်သော အခန်းကဏ္ဍကို ပြည်တွင်းပြည်ပ ကရင်အမျိုးသားထုက မျှော်လင့်အားထားစွာ စောင့်ကြည့်နေကြလေသည်။

(၄)

ဗမာပြည် တကယ်ပြောင်းလဲ မပြောင်းလဲ လူထုအတွက် စဉ်းစားဆင်ခြင်စရာတွေ ရှိလာသည်။ ဗမာပြည်မှာ ဘာတွေများ ပြောင်းလဲလာပြီလဲ။ ဘာတွေကို ဘယ်လိုဖြေရှင်း ပြေလည်ပြီး ဘယ်နေရာတွေမှာ ဘယ်လောက် တိုး တက်ပြောင်းလဲလာပြီလဲ။ စက်ရုံအလုပ်သမားတွေကိစ္စ၊ လုပ်ခလစာ နည်းပါးမှု မညီမျှမှုများအပေါ် ဆန္ဒပြတောင်းဆိုမှုတွေကို ပြေလည် အောင် ဖြေရှင်းနိုင်ပြီလား။ ချိတ်ပိတ်ခံထားရသောဘုန်းတော်ကြီး ကျောင်းကို ထောင်ကလွတ်လာသည့် သံဃာတော်က တာဝန်ရှိသူအ ချို့ထံ အကြောင်းကြားကာ ကိုယ့်ကျောင်းကိုယ် ပြန်ဖွင့်ဝင်သည့်အပေါ် ပြဿနာလုပ်ပြီး ကျောင်းက ထပ်မံ နှင်ထုတ်သည့်ကိစ္စ၊  သာသ နာရေး ဦးစီးဌာနက လက်ပါးစေများ  ဦးဂမ္ဘီရကို ထပ်ပြီး ဖမ်းဆီးသည့်ကိစ္စ ပြေပြေ လည်လည်တောင်းပန်ဝန် ချပြီး ပြန်လွှတ်ပေးလိုက်ပြီ လား၊ စစ်အုပ်စု ကြိုးဆွဲခံ သံဃာ့နာယကအဖွဲ့က ရွှေညဝါဆရာတော်ကိုကိုယ့် ကျောင်းကိုယ် သီတင်းသုံးနေရာက နှင်ထုတ်တာ၊ တရား ဟောခွင့် ပိတ်ပင်တာတွေ ပြေလည်သွားပြီလား။ တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးမှုတွေကနေ စစ်မှန်သော ငြိမ်းချမ်း ရေးအတွက် လမ်းစမြင်ရပြီလား။ နိုင်ငံရေးဆွေးနွေးမှုများ အစပြုရန် ပြင်ဆင်နေကြပြီလား။ တောင်သူလယ်သမားတို့၏ ဘိုးဘွားပိုင် လယ် ယာမြေများ သိမ်းဆည်းခံရသည့်ကိစ္စ၊ မြေလွတ်မြေရိုင်း ဥပဒေပုဒ်မ မတရားတပ်ကာ၊ စီပွားဖက် လက်ဝေခံကုမ္ပဏီကြီးများကို လုပ်ပိုင်ခွင့် များ အလွန်အမင်း ချထားပေးပြီး ကျောမွဲတွေအပေါ် ဖိနှိပ်ပိတ်ပင်ထားတာတွေ ပြောင်းလဲသွားပြီလား။

DSC00417

တိုင်းရင်းသားနယ်မြေအချို့တွင် စစ်တပ်များ တိုး၍ချ၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ကာ၊ တိုင်းရင်းသားတို့အား အမြစ် ပြုတ်ချေမှုန်းရေးသို့ ဦးတည်နေသည့် လုပ်ရပ်များမှ နောက်ဆုတ် ရုတ်သိမ်း သွားကြပြီလား။ ကချင်ပြည်နယ် နယ်စပ်ဒေသဘက် ထွက် ပြေးတိမ်းရှောင်နေရသောစစ်ပြေးဒုက္ခသည် များအရေး၊ ဗမာနိုင်ငံ နယ်စပ်ဒေသအနှံ့အပြားမှ ဒုက္ခသည်များအရေး ပြေလည်မှုရသွားကြ ပြီလား။

လျှပ်စစ်မီးတွေ နေပြည်တော် တနေရာတည်းမှာ စုပြံုထွန်းလင်းမနေပဲ ယခင်ကလို ဗမာတပြည်လုံးအနှံ့ ၂၄နာရီ ရေမီးအစုံနဲ့ ပြန် ဖြစ်လာကြပြီလား။ လမ်းကြီးလမ်းသေးမကျန် လမ်းတွေအကုန်ကောင်းပြီး လေယာဉ်တွေ၊ ရထားတွေ အကုန် အချိန်မှန်ကာ ကုန်စျေးနှုန်း တွေကျ၊ ဆေးရုံတွေမှာ ဆေးတွေပြည့်လျက် အောက်ခြေလူထုအတွက် အခမဲ့ကုသခွင့်တွေ၊ အခမဲ့ မသင်မနေရ ပညာရေးစနစ်တွေနဲ့ လူထုအားလုံး သက်သာချောင်ချိ ပြံုးပျော်နိုင်ကြပြီလား။ …. စသည် … စသည်ဖြင့် ပြေလည် ပြောင်းလဲမှုတွေ ဘယ်လောက်များ ဖြစ်သွား ပါသလဲ။

ထိုအရာတွေအားလုံး မပြေလည်သည့်တိုင် ထိုအရာတွေထဲက တစ်ခု နှစ်ခုလောက် ပြေလည်မှု ရရှိပါပြီလား။ ဘာတစ်ခုမျှ မပြေ လည်ဘဲ ဘာတွေကိုများ ပြောင်းလဲနေပြီဟု ဇွတ်အတင်း ဟစ်ဆိုနေကြပါသလဲ။ ဗမာပြည် ပြောင်းလဲနေပြီ ဆိုသောစကားကို ကျနော် လက်ခံယုံကြည်မှု မရှိချေ။

(၅)

ကျနော့်ဆောင်းပါးများတွင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး စသည့်အမည်များ ပါရှိရာ ဒေါ်အောင်ဆန်းစုကြည် တဦးကိုသာ “ဒေါ်” တပ် ခေါ်ဝေါ်ထားပြီး ကျန်ပုဂ္ဂိုလ်တွေကိုတော့ အများခေါ်နေ ကျအတိုင်း မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇာဂနာ စသဖြင့် ခေါ် ဝေါ်ရေးသားနေခြင်းမှာ အခြေအနေ အချိန်အခါနှင့် ကိုက်ညီမှု မရှိတော့ကြောင်း မိတ်ဆွေတယောက်က ပြောသည်။ မိဘအရွယ်ရောက် နေသောရုပ်ရှင်သရုပ် ဆောင်များကို လူငယ်တဦးက ဇင်ဝိုင်း၊ မေသန်းနု၊ လူမင်း၊ ထွန်းအိန္ဒြာဗို စသဖြင့် အနုပညာရှင်နှင့် ပရိဿတ် ရင်း နှီးမှုအတိုင်းအတာဖြင့် လွတ်လပ်စွာ ခေါ်ဝေါ်သည်မှာ ပြဿနာ မဟုတ်သော်လည်း လူမှုရေး၊ နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်ကြသူများကို တော့ ထိုသို့ ခေါ်ဆိုဖို့ မသင့်ကြောင်း၊ ယခင် ခေါ်နေကျအတိုင်းနှုတ်ကျိုး နေသော အခေါ်အဝေါ်ကို ယခုအချိန်မှာ ပြင်သင့်ပြီဖြစ်ကြောင်း၊  အသက်အရွယ်ကလည်း လေးဆယ်ကျော် ငါးဆယ်တန်းတွေ ဖြစ်လာသည့်အပြင် ပြည်သူလူထု အကျိုးအတွက် ရဲရဲဝံ့ဝံ့ တစိုက်မတ်မတ် လုပ်ကိုင်ဆောင် ရွက်ခဲ့သည့် ၎င်းတို့၏ စေတနာ သဘောထားများ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေ စီရေးအတွက် မဆုတ်မနစ် ဆက်လက်ရပ်တည် ထောက်ကူသွားမည့် ၎င်းတို့၏ ဦးဆောင်မှုများမှာ ဂုဏ်ရောင်ပြောင်သော လုပ်ရပ်များ ဖြစ်သောကြောင့် ထိုဂုဏ်သိက္ခာနှင့် လျော်ညီစွာ လေးစားသမှုဖြင့် ဦး တန် “ ဦး”ကို တန် “ကို” ခေါ်ဆိုရေးသားသင့်ကြောင်း ကျနော့်မိတ် ဆွေက ပြောသည်။ လက်ခံနိုင်သော အဆို ဖြစ်၏။

တကယ်တော့ ဦးသူရ(ဇာဂနာ)တို့၊ ဦးမင်းကိုနိုင်တို့၊ ဦးဂမ္ဘီရတို့ အားလုံးကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွှတ်ပေး လိုက်ခြင်း မဟုတ်။ ပုဒ်မ ၄၀၁(၁)ဖြင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ ထိုပုဒ်မအရ ၎င်းတို့ကို စောင့်ကြည့်နေမည်ဖြစ်ပြီး အကယ်၍ စစ်အုပ်စု မနှစ်မြို့သည့် အမှုကိစ္စ တခုခု ထပ်မံ ကျူးလွန်သောကြောင့် နောက်ထပ်တဖန် ဖမ်းဆီးခံရပါက ယခင်က ကျန်ရှိခဲ့ သည့် ပြစ်ဒဏ်များ အားလုံးပါ ပြန်လည် ကျခံရမည်ဟု ဆိုသည်။ မတရားသော စွဲချက်များဖြင့် အရမ်းကာရော ချမှတ်ထားခဲ့သော နှစ် ခြောက်ဆယ်ကျော် ပြစ်ဒဏ်များဖြင့် ချည်နှောင်ထားခြင်း ဖြစ်သည်။ ၎င်းတို့လှုပ်ရှားမှုမှာ ထောင်နှုတ်ခမ်းပေါ် ၀န်ထုပ်ဝန်ပိုးအပြည့်ဖြင့် လမ်းလျှောက်နေရသူများလို ဖြစ်နေသည်။

ဦးမင်းကိုနိုင် ထောင်က ပြန်လွတ်လာချိန်မှာ အိမ်ကို တိုက်ရိုက်ပြန်မသွားနိုင်ဘဲ လူထု၏ တောင်းဆိုချက်အရ သရက်၊ ကြို့ပင် ကောက်၊ ပေါင်းတလည်၊ သာယာဝတီ၊ လက်ပန်တန်းတို့မှာ လူထုကို တွေ့ဆုံ နှုတ်ဆက် ဟောပြောမှုများ လုပ်ခဲ့သည်ကို အင်တာနက်မှာ တွေ့ရသည်။ ဘုရားဝတ်ပြုရှိခိုးစဉ် ဆုတောင်းတာကို သဘောကျသည်။ ဗမာပြည်တပြည်လုံး အကြောက်တရားကင်းပြီး စစ်မှန်တဲ့ ပြည် ထောင်စု၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ စစ်စစ်ကို ရရှိနိုင်တဲ့ လူထုတွေ ဖြစ်ပါစေကြောင်း ဘုရားထံမှာ ဆုတောင်းလိုက်ခြင်း ဖြစ်သည်။ မိမိလို ထောင်ကျခဲ့ကြသူများ၊ ထောင်ထဲမှာ အသက်ပါ ပေးလိုက်ရသူများ၏ မိဘများကိုလည်း တွေ့ဆုံခဲ့သည်။ လက်ပန်တန်း မှာ ဟောပြောရာတွင်လည်း မတရားမှုတွေကို ဆန့်ကျင်ဖို့၊ မိမိတို့ လိုအပ်တာတွေကို ညီညီညွတ်ညွတ်နဲ့ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ တောင်းဆို ဖို့၊ အနုနည်းနဲ့ ပြောမရ ဆိုမရတဲ့ သူတွေကိုကျတော့ ဓားမှန်းသိအောင် ဓားအိမ် ချွတ်ပြသင့် ချွတ်ပြကြရမည် ဖြစ်ကြောင်းများ ပြောကာ “ဓားအိမ်ကို ချွတ်ပြရဲတယ် မဟုတ်လား”ဟု လူထုကို မေးခဲ့သည်။ ဓားအိမ် ချွတ်ပြရဲသူတွေ များစွာ ရှိနေ၏။ ထောင်ကျဖက် လူငယ်နှစ်ဦး သုံးဦးနှင့်အတူ အရေးကြီးပြီ ဟူသောသီချင်းကို တက်ကြွစွာ သီဆိုခဲ့သည်။ လူထုကလည်း တေးသွားအတိုင်း လက်ခုတ်သံ စည်းချက် လိုက်ကာ အားပေးခဲ့ကြသည်။

ဦးကိုကိုကြီးက တိုင်းရင်းသားတို့ အရေးကိစ္စကို စိုးရိမ်ပူပန်စွာ ပြောခဲ့သည်။ ပြည်တွင်းစစ်မှာ တိုင်းရင်းသား များနှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ မဆွေးနွေး မဖြေရှင်းနိုင်သောကြောင့် ဖြစ်ကြောင်း၊ ထိုကိစ္စ မဖြေရှင်းနိုင်သ၍ အပစ်အခတ်ရပ်လိုက် ပြန်၍ ဖြစ်လိုက်ဖြင့် သံသရာလည်နေမည်သာ ဖြစ်သည်ဟု ဦးကိုကိုကြီး ပြော၏။ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တွေ့ဆုံဆွေးနွေးသည့် နည်း ဖြင့်သာလျှင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတန်းတူညီမျှရေးကို အပစ်ရပ်ရေးကိစ္စလို တထိုင်တည်း ဆွေးနွေးရုံဖြင့် ပြီးပြည့်စုံ သည့် အဖြေရရှိနိုင်မည် မဟုတ်ဟု ဦးကိုကိုကြီး ဆို၏။ ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ကျောင်းသားနိုင်ငံရေးထက် ကျော်သော နိုင်ငံရေး ပုံသဏ္ဍာန်တခုကို ပြောင်းလဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဦးကိုကိုကြီး ပြောခဲ့သည်။ တိုင်းရင်းသားတို့ အနေဖြင့် ဦးကိုကိုကြီးတို့၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် များစွာ စိတ်ဝင်စားမှု ရှိနေမည် ဖြစ်၏။

မြစ်ဆုံရေကာတာကိစ္စနှင့် ရပ်ရွာလူထုပိုင် မြေယာများအဓမ္မ သိမ်းဆည်းခံရသော ကိစ္စသာမက တိုင်းရင်းသား အားလုံးအတွက် ရပ်တည်ပြောဆိုနေသော ဒေါ်ဘောက်ဂျာ၏ သဘောထားအမြင်များကို ကြိ်ုက်သည်။ တိုင်းရင်းသားတို့ နယ်မြေများအတွင်း လူ့အခွင့်အ ရေး ဖောက်ဖျက်ကျူးကျော်ခံရသောအဖြစ်များ ချုပ်ငြိမ်းစေရန်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှသော ပြည်နယ်ပေါင်းစု ပြည် ထောင်စုစစ်စစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းရာတွင် ဒေါ်ဘောက်ဂျာ၏ အခန်းကဏ္ဍ ပါရှိနေမည် ဆိုသည်ကို ယုံမှားသံသယ ဖြစ်စရာ မရှိ။

(၆)

ဒီမိုကရက်တစ်တော်လှန်ရေး အုပ်စုကလေးများထဲတွင်လည်း ဗမာပြည်ပြောင်းလဲနေပြီဆိုကာ ပြည်တွင်းဝင်ပြီး အဲန်ဂျီအိုအုပ်စု တွေနှင့် တွဲဖက်လုပ်ကိုင်လျက် ကိုယ်ကျိုးစီးပွားရှာနိုင်ရေး အိမ်ပြန်မည် တကဲကဲ အထုပ်ပြင်နေ ကြသူတွေ ရှိသည်။ ရန်သူနှင့် ယခင်က တည်းက အချိတ်အဆက်ရှိခဲ့သူများဟု ယူဆရသူ အချို့ကတော့ တာဝန်ရှိသူအချို့နှင့် အတွင်းကြိတ် တွေ့ဆုံညှိနှိုင်းပြီး အများတကာ ထက် လက်ဦးမှုရအောင် ဗမာပြည်ထဲကို မျက်နှာပြောင်စွာ အလည်အပတ် ရောက်သွားကြပြီ ဖြစ်၏။ အချို့ကတော့ အပြီးပြန်တာဟု ဆို၏။ ပြည်တွင်း မှနေ၍ ရန်သူကို အတိုက်အခံ လုပ်မည်လား၊ ရန်သူ့လက်အောက်ခံအဖြစ် အဲန်ဂျီအိုနှင့် ပူးပေါင်းလုပ်မည် လား။ လမ်းနှစ် သွယ်ပဲ ရှိသည်။ တတိယနည်းလမ်းဟူ၍ မရှိ။

ပြီးခဲ့သည့် ရက်များအတွင်း မွန်ပြည်သစ်ပါတီက စစ်အုပ်စုနှင့် အပစ်ရပ်ရေး ပဏာမ သဘောတူ လက်မှတ် ထိုးကြောင်း ကြား လိုက်ရသည်။ မကြာမီလအနည်းငယ်တွင် စစ်အုပ်စုနှင့် နိုင်ငံရေးအရဆွေးနွေးဖို့ရှိကြောင်း လည်း သိရသည်။ ကချင်ပြည်နယ်ဘက်က သေနတ်သံများကမူ ခုချိန်ထိ မစဲတတ်သေးချေ။

ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးလှည့်လည် စည်းရုံးဟောပြောမှု အစီအစဉ်အချို့၌ ဟောပြော မည့်နေရာနှင့် ပတ် သက်၍လည်းကောင်း၊ လာရောက်အားပေးကြမည့် လူထုနှင့် ပတ်သက်၍လည်းကောင်း နှောက်ယှက်ပိတ်ပင်မှုများ ရှိကြောင်း ကြားသိရ သည်။ နေပြည်တော်မှာ ရွေးကောက်ပွဲဝင်မည့် အဲန်အယ်လ်ဒီဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရကြောင်းလည်း ကြားရသည်။ ရံပုံငွေရှာပွဲများ တွင်လည်း အစီအစဉ်ပျက်စေရန် ပိတ်ပင်ဟန့်တားမှုတွေ လုပ်သည်။ ၁၉၉၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အနိုင်ရရေးအ တွက် အဲန်အယ်လ်ဒီ စည်းရုံးဟောပြောစဉ်က အဖြစ်များကို သတိရဖွယ် ဖြစ်လေသည်။ လွှတ်တော်၌ လက်ကိုင်တုတ် ကြံ့ဖွံ့အမတ် များနှင့် စစ်ဗိုလ်တမတ်သားတို့ဖြင့် ကိုယ်စားလှယ်မဲအများစု ရယူထားသည့်တိုင် စစ်အုပ်စုအနေဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲအ တွင်း ၂၀၁၀တုန်းကလို မဲခိုးမဲလိမ် ကြိုတင်မဲ စသည်တို့ဖြင့် နည်းလမ်းမျိုးစုံသုံးကာ မသမာမှုများ လုပ်မလုပ် ဆိုသည်ကို ဗေဒင်မေးစရာ လိုမည် မဟုတ်။

ရန်သူသည် သူ့အလုပ် သူလုပ်မည်သာ ဖြစ်၏။ မည်မျှပင် ဟန်ဆောင်ချုပ်တည်းထားသော်လည်းသူ့အကျင့် ကို သူမဖျောက်နိုင်။ ဟိတောပဒေသမှ စာပိုဒ်တခုမှာ ဆင်ခြင်ဖွယ် ဖြစ်သည်။ “ပင်ကိုယ်ဇာတိကိုစွန့်ပစ်နိုင် ခဲ၏။ ခွေးကို ရာဇပလ္လင်ထက်၌တင်ကာ ဘုရင်မြှောက်သော်လည်း ထိုခွေးဘုရင်သည် မိမိ၏ ဇာတိ ရုပ်အတိုင်း ဘိနပ်ကို အဘယ့်ကြောင့် မစားပဲ နေအံ့နည်း။” ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော ဂယောက်ဂယက် အိပ်မက်ထဲမှ မောဟိုက်ပင်ပန်းနေသည့် မြင်းအနေဖြင့် လှမ်း၍မြင်နေရ သော ရေကိုသွားသောက်ရန် ချောက်ကမ်းပါးအောက်သို့ စွန့်စွန့်စားစား ခုန်ချလိုက်မည်လား၊ ကမ်းပါးတဘက်ခြမ်းမှာ ရှိမရှိ မသေချာ မရေရာသည့် ရေကြည်ရေသန့်နှင့် လတ်ဆတ်သော မြက်ခင်းပြင်ကို မျှော်လင့်လျက် မိုက်မိုက်ကန်းကန်း ခုန်၍ ကူးမည်လား ဆိုသည့် အသုံးအနှုန်းများနှင့် ပတ်သက်၍ မည်သည့်လုပ်ဆောင်မှုက စွန့်စားခြင်းလဲ၊ မည်သည့်အပြုအမူက မိုက်ကန်းခြင်းလဲ ဆိုသည်ကို ဝေဖန် ချက်  ငြင်းချက်များ ထုတ်ကြပါလေကုန်။ ညကတော့ မှောင်ပိန်းနေဆဲပင် ဖြစ်၏။

Most read this week