အမျိုးသမီး အမှုဆောင် အများစုဖြင့် တိုင်ရီသမဂ္ဂဖွဲ့စည်းပြီး

အမျိုးသမီး အမှုဆောင် အများစုဖြင့် တိုင်ရီသမဂ္ဂဖွဲ့စည်းပြီး
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများက အခြေခံ စက်ရုံ အလုပ်သမား သမဂ္ဂကို တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

taiye1

အဆိုပါ သမဂ္ဂအမှုဆောင် ၂၁ ဦးတွင် အမျိုးသမီး အများစုဖြင့် ဖွဲ့စည်းလိုက်ကြခြင်းဖြစ်ကြောင်း သမဂ္ဂဖွဲ့စည်း နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သူ မစုစုနွေး က မဇ္စျိမကို ပြောသည်။

“တိုင်ရီစက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော် ရှိတဲ့အထဲမှာ ယောက်ျားလေးက အယောက် ၂၀၀ တောင် မရှိပါဘူးရှင်။ ကျတဲ့ဥစ္စာ အမျိုးသမီးတွေချည်းပါ” ဟု ပြောသည်။

ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ အတွင်းရေးမှူးများအဖြစ် မသန်းသန်းစိန်နဲ့ မစုသက်မာတို့က ဆောင်ရွက်ပြီး ဘဏ္ဍာရေးမှူးများ အဖြစ် မချိုမာဝင်းနဲ့မချိုဇင်ဝင်းတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။ ထို့ပြင် အမှုဆောင်အဖွဲ့တွင် မစုငွေဇင်၊ မဇင်မာဝင်း၊ မသီတာဝင်း၊ မနွယ်နွယ်စံ၊ မအေးသက်မော်၊ မစန္ဒာမော်၊ မသူဇာဝင်း၊ မဖြူယုယုဝင်း၊ မဝင်းဝင်းသန်း စသူတို့ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

သမဂ္ဂကို မတ်လ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော်လည်း ၄ ရက်နေ့တွင် အမှုဆောင် ၂၁ ဦးဖြင့် ထောက်ခံသူ များက အတည်ပြု လက်မှတ်ထိုးလိုက်ကြခြင်းဖြစ်သည်။

“လက်မှတ်ရေးထိုးပြီး အတည်ပြုပွဲလုပ်တာပါ။ ဒီအလုပ်အမှုဆောင်အဖွဲ့ကို ထောက်ခံ လက်မှတ်ထိုးထား တာက တရာကျော် ရှိပါတယ်။ ဆက်ထိုးကြဖို့လည်း ရှိပါတယ်” ဟု မစုစုနွေး က ပြောသည်။ အခြားစက်ရုံ တချို့မှလည်း သမဂ္ဂဖွဲ့စည်းနိုင်ဖို့ အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ဆက်ပြောသည်။

လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေအရ အခြေခံအလုပ်သမားသမဂ္ဂတခုကို အဖွဲ့ဝင် ၃၀ ရှိပါက ဖွဲ့စည်းနိုင်သည်ဟု ပါရှိသည်။ သို့သော် ထိုဥပဒေမှာ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိသေးပေ။

ယခုကဲ့သို့ အလုပ်သမားများက မိမိတို့ဆန္ဒအလျောက် သမဂ္ဂဖွဲ့စည်းလိုက်ဖြင်းအားဖြင့် အစိုးရဘက်မှ ဖိအားပေးမှုများ ရှိလာပါက ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း မစုစုနွေး က ပြောသည်။

“ကျမတို့က နိုင်ငံရေးပါတီတွေကလည်း မဟုတ်ဘူး။ အလုပ်ရုံထဲမှာ တကယ်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဖြစ်တယ်။ အလုပ်ရုံထဲကနေ အလုပ်သမားတွေ ရပိုင်တဲ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဖွဲ့တာပါ။ အလုပ်သမား အခွင့်အရေးတွေကို စနစ်တကျနဲ့ သင်တန်းတွေပေးပြီးတော့ နစ်နာမှုတွေကို အဖွဲ့အစည်းက ဦးဆောင်ပြီး တင်ပြတောင်းဆိုသွားဖို့ပါ” ဟု ပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၈၀၀ ကျော်က တနေ့တာလုပ်ခနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရန်အပြင် အခြား လူမှုဖူလုံရေးများအတွက် ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ သပိတ်မှောက်ဆန္ဒပြလာကြရာ ၁၆ ရက်နေ့တွင် အလုပ်ရှင်နှင့် ဆွေးနွေးခဲ့ကြသည်။

အလုပ်သမားများက တနေ့လုပ်ခ ရ၅ ကျပ်ကို ၁၅၀ ပေးရန်၊ ရက်မှန်ကြေး ၆၀၀၀ အား ၈၀၀၀ အထိ တိုးပေးရန်တောင်းဆိုထားသော်လည်း အလုပ်ရှင်က တနေ့လုပ်ခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး ရ၀၀၀ ကျပ် ပေးမည်ဟု ဆိုခဲ့သည်။

ဤသည်ကို မကြေလည်နိုင်ကြသည့် အလုပ်သမားများက ၀ါဏိဇ္ဇပဋိပက္ခခုံရုံးသို့ အဆုံးအဖြတ်ပေးရန် လျှောက်လဲခဲ့ရာ မတ်လ ၁ ရက်နေ့ ခုံရုံးဆုံးဖြတ်ချက်အရ တနေ့လုပ်ခ ၁၂၀ ကျပ် ရရှိမည်ဖြစ်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူက မဇ္စျိမနှင့် မေးမြန်းရာတွင် ပြောဆိုခဲ့သည်။

"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက် တဲ့အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု ပြော သည်။

သို့သော်  မစုစုနွေး က “၀ါဏိဇ္ဇက ၁၂၀ ကျပ် ပေးတယ်လို့ ဆုံးဖြတ်တယ်ဆိုတာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ကျမကို ပြောပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား ဆွေးနွေးရေးလမ်းကြောင်းပေါ်က ကျမတို့ သွားနေတာပါ” ဟု မဇ္စျိမကို ပြောသည်။

အလုပ်သမားအချို့မှာ ၀ါဏိဇ္ဇခုံရုံးသို့ တက်ခဲ့ကြသော်လည်း အချို့မှာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က အလုပ်ရှင် ကတိပေး စာချုပ်ချုပ်ဆိုထားသည့် တနေ့လုပ်ခ ၁၀၀ ကျပ်၊ ရက်မှန်ကြေး ရ၀၀၀ ရယူ၍ ဆက်လက် အလုပ်လုပ်နေကြပြီဖြစ်သည်။

စာချုပ်ပါအတိုင်း အလုပ်ရှင်ဘက်မှ ခံစာခွင့်များ တိုးမြှင့်မပေးပါက ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်းလည်း မစုစုနွေး က ပြောသည်။

လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်းကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် သမဂ္ဂအနေဖြင့် အခြေခံ အလုပ်သမား အခွင့်အရေးများနှင့်ပတ်သက်၍ သင်တန်းများပို့ချပြီး နစ်နာမှုများအား သမဂ္ဂမှ ဦးဆောင်တင်ပြတောင်းဆိုသွားမည်ဟုလည်း သိရသည်။

Most read this week