မီးရှို့ခံရသည့် ဘင်္ဂလာက ရခိုင်အိမ်ပြာကျ

မီးရှို့ခံရသည့် ဘင်္ဂလာက ရခိုင်အိမ်ပြာကျ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံ ကော့စ်ဘဇားခရိုင်တွင် တည်ရှိသော ရခိုင်ကျေးရွာတစ်ရွာမှ အိမ်တစ်လုံးကို ဒေသခံ ဘင်္ဂလီ တစ်စုက မတ်လ ၄ ရက်နေ့က ညဉ့်က မီးရှို့သဖြင့် အိမ်တစ်ခုလုံး ပြာကျသွားခဲ့သည်ဟု သတင်းရရှိသည်။

မဟားဇိုး သံသီးရွာ တောင်ပေါ်ဘုရား
 မီးရှို့ခံရသည့် အိမ်မှာ ကော့စ်ဘဇားခရိုင် မဟာဇိုးသံသီးရွာမှ ဦးဘုရွှေမောင်နှင့် ဒေါ်အိမ်ဇိုးတို့ အိမ်ဖြစ်ကြောင်း သိရသည်။

" မီးရှို့တာက ညဉ့် ၁ နာရီခွဲမှာ ရှှို့တာပါ။ အိမ်တစ်ခုလုံး ပြာဖြစ်သွားပါတယ်။ လူတွေကတော့ ထိခိုက် ဒဏ်ရရှိတာ မရှိပါဘူး။ ပစ္စည်းတွေတော့ အကုန်လုံးမီးထဲပါသွားခဲ့ပါတယ်" ဟု သံသီးရွာသူ မဦးမျှသန်းက နိရဥ္စရာသို့ ဖုံးထဲက တဆင့် ပြောသည်။

မီးတိုက်သူ ဘင်္ဂလီဒေသခံများမှာ အဆိုပါ ကျေးရွာအနီးရှိ ဂရုခါတာ ကျေးရွာမှ ဖြစ်ပြီး အဆိုပါ အိမ်မြေနေရာများကို လိုချင်သဖြင့် ယခုကဲ့သို့ မီးတိုက်ခြင်း ဖြစ်ကြောင်း သူမက ပြောသည်။

" ကျွန်မတို့ရွာက ဒီအိမ်တွေရှိတဲ့ ဘေးပတ်ဝန်းကျင်က နေရာတွေကို ဒေသခံ ဘင်္ဂလီတွေက သူတို့ မြေဆိုပြီး သိမ်းယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ မပြောပါဘူး။ ကျွန်မတို့ နေစရာနေရာ တစ်ခု ရရင်ပီးရော့ဆိုပြီး ကိုယ့်အိမ်လေးထဲမှာဘဲ နေကြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်မတို့ကို ၀င်းထရံ ကာခွင့်မပေးသလို အိမ်တွေကိုလည်း အမိုးထရံတွေကာခွင့် မပေးပါဘူး။ ဟို လွန်ခဲ့တဲ့ အပတ်ကလည်း ၀င်းထရံတွေ အပါအဝင် အိမ်ထရံတွေကို ၀င်ရောက် ဖြိုဖျက်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ မီးတိုက်သွားခဲ့ပါတယ်" ဟု သူမက ဆက်ပြောသည်။

အဆိုပါ ကျေးရွာရှိ မြေနေရာတွင် ရခိုင်အမျိုးသားများ အနေဖြင့် ဘိုးစဉ် ဘောင်ဆက် နေထိုင်လာသော မြေနေရာ ဖြစ်ပြီး သူတို့အား အဆိုပါ ကျေးရွာမှ စွန့်ခွာသွားရန် ယခုကဲ့သို့ နိုင်ထက် စီးနှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သူမက ပြောသည်။

" ကျွန်မတို့ကို သူတို့က ဓါးတွေ တုတ်တွေနဲ့ ခြိမ်းခြောက်နေတာကတော့ ကြာနေပါပြီ။ ကျွန်မတို့ ရွာသားတွေကလည်း ပြဿနာ မဖြစ်အောင်နေကြပါတယ်။ အခု ပိုဆိုးလာတာက ကျွန်မတို့ အိမ်ဆောက် နေတဲ့ ဒီမြေနေရာတွေဟာ ကျွန်မတို့ပိုင် ဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာကလည်း အတည်ပြုပေးလိုက်ပြီးတဲ့ နောက်မှာ သူတို့က ခုလို အားနဲ့ လုပ်လာတာ ဖြစ်ပါတယ်။ ဒီအိမ်ကို မီးမရှို့ခင် နေ့လည်က ဆိုရင် အဲဒီ ကုလားက ဓါးတစ်ချောင်းကို ကိုင်ပြီး ကျွန်မတို့ အိမ်ရှေ့မှာ ခေါက်တုန့် ခေါက်ပြန် သွားနေခဲ့ပါတယ်။ ညဉ့်ရောက်တော့ မီးရှို့ခံရတာ ဖြစ်ပါတယ်" ဟု မဦးမျှသန်းက အခြေအနေ အရပ်ရပ်ကို ရှင်းပြ ပြောဆိုသည်။

ယခုအခါ မီးရှို့ခံရသည့် ကိစ္စကို စစ်ဆေးရန် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေသော်လည်း တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူခြင်းများ မရှိသေးကြောင်း သိရသည်။ လွန်ခဲ့သော အပတ်က ရခိုင်အိမ်များကို ၀င်ရောက် ဖြိုဖျက်ခဲ့သူများကို သက်ဆိုင်ရာ ရဲအဖွဲ့မှ အရေးယူရန် ပျက်ကွက်ရာမှ ယခုအခါ တဆင့်တိုးပြီး အိမ်ကို မီးရှို့လာခြင်း ဖြစ်ကြောင်း ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

Most read this week