၂၀၁၁-၂၀၁၂ ခုနှစ် မောင်တောမြို့နယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျင်းပ ခဲ့သော မြို့နယ် အုပ်ချုပ်ရေးမှူး ဖလားဘော်လုံးပွဲတွင် အနိုင်ရခဲ့သော ကြိမ်ချောင်း ကျေးရွာ အသင်း၏ ပထမ ဆုငွေ (၃) သိန်း ကျော်ကို မိမိ ကိုယ်ကျိုး အတွက် သုံးစွဲထားကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဖလားဘော်လုံးပွဲတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၂၁ စုပါ၀င်ပြီး၊ တသင်း လျှင်ငွေ ၃၀၀၀၀ ကျပ်ကို ၀င်းကြေးအဖြစ်ပေးရပြီး၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘောလ ၁၇ ရက်နေ့မှ စ၍ ၂၀၁၂ ခုနှစ် ဇန်နို၀ါရီလ ၂၁ ထိ မောင်တောမြို့၊ မြို့မ အားကစားကွင်း တွင် ကျင်းပခဲ့ရာ တနေ့လျှင် ပွဲကြည့် ပရိသတ် ၅၀၀ ကျော်ရှိပြီး၊ တဦးလျှင် ၀င်ကြေး ၃၀၀ ကျပ် ကောက်ခံ ခဲ့ကြောင်း သိရသည်။
မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ဗိုလ်လုအဖြစ် ကြိမ်ချောင်းကျေးရွာ အသင်း နှင့် ငါးခူရကျေးရွာ အသင်း တို့ သည် (၂၁.၁.၂၀၁၂) ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ကြိမ်ချောင်းကျေးရွာ အသင်းသည် ငါးခူရကျေးရွာ အသင်း အား (၂ - ၀) ဖြင့်အနိုင် ရရှိခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကြိမ်ချောင်းကျေးရွာအသင်းအား ဆုငွေအဖြစ် (၃)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းဆုငွေကို ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ)ဘုန်းကံနိုင် မှ အသင်းကိုယ်စား လက်ခံ ယူပြီး၊ ၎င်းဆုငွေကို ဘော်လုံးအသင်းသို့ မပေးသည့်အပြင် အကြောင်း အမျိုးမျိုးပြ၍ ခြိမ်းခြောက် ခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့အတွက်သာ ပေးခဲ့ကြောင်း ပြောပြသည်ဟု ကြိမ်ချောင်းကျေးရွာ ဘော်လုံး ၀ါသနာရှင် တစ်ဦးက ပြောပြသည်။
ကြိမ်ချောင်းကျေးရွာ ဘော်လုံး ကစားသမားများအား ကြိမ်ချောင်းကျေးရွာ အုပ်စုရှိ စျေးဆိုင် များနှင့် အိမ်များမှ ငွေ(၂)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဖလားဘော်လုံးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဘော်လုံးပွဲစဉ်အတွင်း စုစုပေါင်း ငွေကျပ် ၅၁၃၀၀၀၀ (ငါးသန်း တသိန်းသုံးသောင်း) ရရှိပြီး၊ ဆုငွေအဖြစ် ငွေ ၆၀၀၀၀၀ (ခြောက်သိန်းသာ ပေးနေရပြီး ကျန်ငွေများသည် မြို့နယ်အုပ်ချုပ်ရေးမှူး အတွက်သာ ဖြစ်ကြောင်း မောင်တောမြို့မှ နိုင်ငံရေး သမား၏ ပြောပြချက်အရ သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်ကျိုးအတွက် သုံးနိုင်လျှင် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း သုံးစွဲမည် ဖြစ်ကြောင်း ၎င်းကပင် ပြောဆိုသည်။