ကရင်ပြည်နယ်၊ မြောက်ပိုင်း ဖာပွန်နှင့်ရွှေကျင်မြို့နယ်အကြားရှိ ၀င်းမောင်းကျေးနယ်အတွင်း ရွှေတူးဖော်ရေး လုပ်ငန်း တိုးချဲ့လာမှုကြောင့် ဒေသခံရွာသားများ၏ လယ်ကွင်း ၂၀ကျော် ပျက်စီးနေပြီဟုထိုဒေသရှိ ရွာသားများက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ခွင့်ပြုချက်ဖြင့် ဖာပွန်မြို့နယ် ၀င်းမောင်းကျေးနယ်ရှိ ဘီးလင်းချောင်းနံ ဘေးတဝိုက်တွင် ထွန်းကြယ်ပွင့်၊ မြတ်ဖူး၊ ရွှေဖူး၊ ဇော်ညီကိုနှင့်ဖူးဝေဟိန်းစသည့်ရွှေတူးဖော်သည့်ကုမ္ပဏီ တို့က ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကစပြီး ရွှေတူးဖော်ရေးငန်းကို စတင်တူးဖော်လာခဲ့ရာ ထပ်မံချဲ့ထွင်လာခြင်း ကြောင့် လက်ရှိ၀င်းမောင်းရွာသားများ၏ လယ်ကွင်း (၂၀)ကွင်းကျော် (ဧက အတိအကျ မသိရသေး) ပျက်စီးဆုံးရှုံးနေရခြင်းဖြစ်သည်။
အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက“ အခုဆိုရင် လယ်ကွင်း ၂၀ ကျော်ပါသွားပြီ။ ကွမ်းခြံတချို့လည်း ပါသွားသေးတယ်။ ရွှေတွင်းက တဖြည်းဖြည်းနဲ့ ချဲ့လာတဲ့အခါကျတော့ ထပ်ပြီး ပျက်စီးမယ့်လယ်ကွင်းတွေ အများကြီးရှိသေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပျက်စီးဆုံးရှုံးသွားသော လယ်ကွင်းများကို အကျယ်အဝန်းအပေါ်တွင် မူတည်၍ ကျပ်ငွေ ၂၀သိန်းမှ ရ၀သိန်းအထိ ရွှေတူးဖော်သည့်ကုမ္ပဏီများ၏ သတ်မှတ်ပေးထားသည့် စျေးနှုန်းအတိုင်း မရောင်းချင်ဘဲ ရောင်းချနေရသည်ဟု ရွာသားများက ဆိုသည်။
အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးကလည်း “ကျနော်တို့၊ လယ်ယာ၊ ခြံမြေတွေ အကုန်လုံးပျက်စီးသွား ပြီဆိုတော့ လောလောဆယ် အချိန်မှာ လုပ်ကိုင်စားသောက်လို့ရသေးပေမယ့် ကျနော် တို့ သားသမီးတွေ ခေတ်ရောက်လို့ရှိရင် ဘာမှ လုပ်စားကိုင်စားလို့ ရတော့မယ်မထင်ဘူး။”ဟု ပြောသည်။
၀င်းမောင်းကျေးနယ်ရှိ ရွာသားများသည် ၎င်းတို့ လယ်ယာ၊ ခြံမြေများ ယင်းသို့ နစ်နာဆုံးရှုံးခဲ့သော်လည်း အဘက်ဘက်မှ စိုးရိမ်ကြောက်လန့်နေရသောကြောင့် မည်သည့်တိုင်တန်းမှုမျိုးမှ လုပ်ဆောင်ခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်စပ်တွင် ဘီးလင်းချောင်း၊ မယ်ကလယ့်လော်ချောင်း၊ မယ်တိုးချောင်းနှင့် ဘင်ဘန်းချောင်းများတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသည့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ (ယခု BGF)နှင့် ကုမ္ပဏီတချို့ပူးပေါင်းပြီး ရွှေများစတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ရွှေတူးဖော်မှုကြောင့် ၎င်းချောင်းနံဘေးများတွင် နေထိုင်သည့် ကလေးသူငယ်တချို့သည် မသန့်ရှင်း သော ရေများကို သောက်သုံးမိသောကြောင့် ၀မ်းပျက်၊ ၀မ်းနာရောဂါများခံစားရသကဲ့သို့ ကျွဲ၊ နွားတချို့ ရွှေတွင်းသို့ ပြုတ်ကျ သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။
မယ်ကလယ့်လော်ချောင်း၊ မယ်တိုးချောင်းနှင့် ဘင်ဘန်းချောင်းများရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင်လည်း ဒေသခံရွာသားများ၏ လယ်ယာ၊ ခြံမြေဧကပေါင်း မြောက်များစွာ ပျက်စီးဆုံးရှုံးသည်ဟု ရွာသားများက ပြောသည်။