မင်းပြား ပြည်သူ့ လွတ်တော် အမတ် နေပြည်တော်တွင် ကွယ်လွန်

မင်းပြား ပြည်သူ့ လွတ်တော် အမတ် နေပြည်တော်တွင် ကွယ်လွန်
by -
မောင်ရမ္မာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်သာသည် နေပြည်တော်တွင် လွှတ်တော် အစည်းအဝေး အတွက် ရောက်ရှိနေစဉ် လူကြီးရောဂါ ဖြင့် မတ်လ ၁ ရက် ညနေ ရ နာရီအချိန်တွင် ကွယ်လွန် သွားခဲ့သည်။

ကြေးမုံ၏ နာရေးကြော်ငြာ အမှား။ (ခ) နေရာတွင် (ဘ) ဟု ဖတ်ပါ။
ဦးအောင်စိန်သာသည် နေပြည်တော် ဆေးရုံတွင် ၁၀ ရက်နီးပါး ဆေးကုသမှု ခံယူနေချိန် ၂၀၁၂ ခု မတ်လ ၁ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ရတပ ပါတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူ၏ ရုပ်အလောင်းကို ယနေ့ နေပြည်တော်မှ ယူဆောင်လာရာ ယခုအခါတွင် ရေဝေးသုဿန်တွင် ရောက်ရှိ နေပြီး မနက်ဖန် စနေနေ့တွင် သဂြိုလ်မည်ဟု သိရသည်။

ဦးအောင်စိန်သာကို မင်းပြားမြို့နယ် စာရေးကြီးရွာ၌ ၁၉၃၇ ခု ဧပြီလ ၂၆ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့မှ မွေးဖွားခဲ့သည်။

ဦးအောင်စိန်သာသည် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိသူ တဦးလည်း ဖြစ်သည်။ ဦးအောင်စိန်သာသည် ၁၉၆၂-၆၃ ခု ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ပညာရေးလှုပ်ရှားမှုတွင် ပါ၀င်ခဲ့သ ဖြင့် ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအပြင် ၁၉၇၅ ခုနှစ် ရခိုင် သီးခြားပြည်နယ် ထူထောင်ရန် ကြံစည်မှုဖြင့် ထောင် တသက်တကျွန်း ချမှတ်ခံခဲ့ရပြီး ၁၉၈၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဦးအောင်စိန်သာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အမတ်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရာ မင်းပြားမြို့နယ်တွင် ဦးအောင်စိန်သာမှ မဲအရေအတွက် ၃၀၇၇၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။

အောင်စိန်သာသည် စာကြည့်တိုက်အသင်း မိဇံရပ်ကွက် စစ်တွေမြို့၊ တက္ကသိုလ် ကျောင်းသားများ ပညာသင် ထောက်ပံ့ရေးအဖွဲ့ (ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ် ရခိုင် ကျောင်းသား/သူများ အသင်း အတွင်းရေးမှူး၊ ဒုဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများအသင်း အတွင်းရေးမှူး အဖွဲ့ဝင်နှင့် သဘာပတိ အဖွဲ့ဝင် တာဝန်များကို တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ဦးအောင်စိန်သာသည် စစ်တွေမြို့ရှိ တိုးတက်ရေးလူငယ်များ အစည်းအရုံး အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီလှုပ်ရှားမှု၌ ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့တွင် ပါ၀င်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တပ် ပေါင်းစု ပါတီဥက္ကဌ အဖြစ် ပါ၀င်ခဲ့သည်။

Most read this week