မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်သာ ရှိကြောင်း KIO ပြော

မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်သာ ရှိကြောင်း KIO ပြော
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က “အစိုးရနှင့် နောက်ထပ်အပစ်ခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုး ရန် မလိုဘဲ KIO နယ်မြေအတွင်း ဝင်ရောက်နေ သော အစိုးရတပ်များကိုရုပ်သိမ်းပေးရန် နှင့် နိုင်ငံတကာကသက်သေပြု ပေးသည့် နိုင်ငံရေး ဆွေးနွေးရန်သာလိုပါကြောင်း” UNFC တပ်ပေါင်းစု သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောကြား ခဲ့သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တစ်နေရာတွင် ဖေဖေါ်ဝါရီလ၂၈ ရက်နေ့၌ ကျင်းပခဲ့သည်။

“ကျွန်တော်တို့(KIO)က ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ၂၄ မှာ အပစ်ခတ်ရပ်ဆိုင်းရေးလက်မှတ်ထိုးပြီးပြီ။ ဒီအတိုင်းပဲကျွန်တော်တို့သွားနေတာပါ။ ဘာမှမလုပ်ဘူး။ ဒါပေမဲ့အစိုးရတပ်ဖွဲ့က ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာ ကျနော်တို့ရဲ့စစ်သား ၄ ယောက်ပဲရှိတဲ့ရှေ့အကျဆုံး တပ်ကို သူတို့(အစိုးရ)စပြီးဝိုင်းပစ်ကြတယ်။ အဲဒီအချိန် မှာ ကျတော်တို့မတုန့်ပြန်သေးဘူး။ ဒါပေမဲ့ ဇွန်လ ၁၂ ရက်နေ့မှာ သူတိို့ပြန်ပစ်ကြတယ်။ အဲဒီရက်ကျမှ မတတ်သာလို့ ကိုယ့်ကိုယ် ကာကွယ်တဲ့အနေနဲ့ စတိုက်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှစပြီး ခုချိန်ထိ မရပ်ဆိုင်းနိုင်တဲ့၊ မဆုံးနိုင်တဲ့ ပစ်ခတ်ခြင်းဖြစ်လာရခြင်းဖြစ်တယ်။” ဟု ဒေါက်တာလဂျာကပြောသည်။

၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့် နောက်ပိုင်း ၂၀၁၁ ဇွန်လမှစပြီး အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA (KIO အောက် လက်နက်ကိုင်ဌာန) ကြား စစ်ပွဲများဖြစ်လာရခြင် းဖြစ်သည်။

“ခုတစ်ကြိမ် အပစ်ခတ်ရပ်ဆိုင်းရေးပြန်လုပ်ရအောင်ပြောတယ်။ ကျွန်တော်တို့လက်မှတ်ထိုးပြီးတာ ၁၈ နှစ်တောင် ရှိလာပြီ နောက်ထပ်ထိုးစရာမလိုတော့ဘူး။ အခုလိုတာက နိုင်ငံရေးဆွေးနွေးဖို့ပဲဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင်လည်း ကျတော်တို့(KIO) ဧရိယာမှာထိုးစစ်ဆင်ထားတဲ့ အစိုးရစစ်တပ် အားလုံးရုပ်သိမ်းပေးပါလို့ပြောတယ်။ သူတို့(အစိုးရ)က စာရင်းတောင်းတယ် ကျတော်တို့လည်း စာရင်းပေးလိုက်ပြီ။ ဒီစစ်တပ်တွေသာ ရုပ်သိမ်းလိို့ရှိရင် လက်မှတ်ထိုးစရာမလိုဘူး။” ဟု သူက ဆက်ဆိုသည်။

KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များအားလုံး ရုပ်သိမ်းပေးမည်ဆိုလျှင်ကချင်လွတ်မြောက် ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုး ရန်ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါက်တာလဂျာကပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ရပ်တံ့ရန် ညွှန်ကြား ခဲ့သော်လည်း မြန်မာ့တပ်မတော်သည် KIO အား ဆက်လက်တိုက်ခိုုက်နေဆဲဖြစ်သည်။

ယခုချိန် ၉ လ ကြာ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား လက်နက်ကို်င်ပဋိပက္ခကြောင့် ရှမ်းပြည်မြောက်ပို်င်းနှင့် ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည်များ အနည်းဆုံး ရ၀၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရနှင့် KIO ကြား ဇန်နဝါရီလ ၁၈-၁၉ တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သည့် နောက်ဆုံးတွေ့ဆုံပွဲအထိ နိုင်ငံရေးအဖြေရှာနိုင်ခြင်းမရှိသေးပါ။ ယခုထပ်မံဆွေးနွေးသွားကြရန် ရှိသော်လည်း တွေ့ဆုံရန်နေရာအတွက် နှစ်ဖက် သဘောတူညီချက်မရရှိကြသေးဟု သိရသည်။

Most read this week