တပ်နှင့်ဆိုင်သော မေးခွန်း ရခိုင် ၀န်ကြီး မဖြေရဲ

တပ်နှင့်ဆိုင်သော မေးခွန်း ရခိုင် ၀န်ကြီး မဖြေရဲ
by -
နိရဥ္စရာ

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က စတင်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် အနောက်ပိုင်း စစ်ဌာနချုပ်နှင့် သက်ဆိုင်သော မေးခွန်းတစ်ခုအား ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ မေးမြန်းရာ အဆိုပါ မေးခွန်းအား သက်ဆိုင်ရာဝန်ကြီးက တိုက်ရိုက် မဖြေကြားဘဲ ဝေ့လည် ကြောင်ပတ် ဖြေကြားသွားခဲ့ကြောင်း သတင်း ရရှိသည်။

Shrimp-project-arakan
" လွှတ်တော်မှာ မေးတာက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က မေးတာပါ။ သူမေးတာက စစ်တွေမြို့နယ် အောင်ဒိုင်ကျေးရွာ အုပ်စုမှာ အောင်ဒိုင်ချောင်းက ချောင်းတက်ငယ်တွေကို ကျေးရွာသားတွေ ဆည်ဖို့ပြီး စပါးစိုက်ပျိုးရင်းနဲ့ တစ်ဘက်မှာလည်း တပိုင်တနိုင် ပုဇွန်မွေးမြူရေး လုပ်ပီး လုပ်ကိုင်စားသောက်နေတာကို ယခင်က ရှိခဲ့့တဲ့ ထောက်လှမ်ရေး (၁၀) က ၁၉၉၃-၉၄ နှစ်က လူူတွေကို ဖမ်းဆီး ထောင်ချပြီး ပုဇွန်ကန်တွေကို သိမ်းယူကာ နိုင်ငံသား မဟုတ်တဲ့ ခင်မောင်လှ(ခေါ်) ဆော်လိမ်နဲ့ မောင်ဂူလာမောက်ဆိုတဲ့ ဘင်္ဂလီ (၂) ဦးဆီက ငွေသိန်ပေါင်း မြောက်မြားစွာ ယူပြီး လုပ်ကိုင်ခိုင်းခဲ့တယ်။ ၁၉၉၆ ခုနှစ်ရောက်တော့ အနောက်ပိုင်းတိုင်းက အဲဒီလယ်တွေနဲ့ ပုဇွန်ကန်တွေကို မူလ ပိုင်ရှင်တွေကို ပြန်ပေးခဲ့တယ်။ ၁၉၉၉ ခုနှစ် ရောက်တော့ စစ်တွေမှာ ရှိနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိကြီးတွေကို အဲဒီပုဂ္ဂိုလ် နှစ်ဦးက ငွေသိန်းထောင်ချီ ပေးပြီး စစ်တပ်ပါ၀ါကို သုံးပြီးတော့ ပြန်သိမ်းခိုင်းတယ်။ အဲဒီကတည်းက ပြန်သိမ်းသွားပြီး အခုအချိန်ထိ ဒေသခံ တိုင်းရင်းသား လယ်သမားတွေ လုပ်ကိုင် စားသောက်ခွင့် မရဘဲ ဖြစ်နေတဲ့ အတွက် အဲဒီ လယ်မြေတွေ၊ ပုဇွန်ကန်တွေကို လယ်သမားတွေ လက်ထဲ ပြန်လည် ပေးအပ်ဖို့ ရှိပါသလားဆိုပြီး ဦးအောင်မြကျော်က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က အမေးအဖြေ ကဏ္ဍမှာ မေးပါတယ်" ဟု အမည် မဖေါ်လိုသူ အမတ် တစ်ဦးက ပြောသည်။

ဦးအောင်မြကျော် မေးသော မေးခွန်းအား ရခိုင်ပြည်နယ် အစိုးရ အဖွဲဲ့မှ လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီး ဦးကျော်သိန်းက တာဝန်ယူ ဖြေကြားသော်လည်း မေးရာ တခြား ဖြေရာ တခြား ဖြစ်နေကြောင်း သူက ဆက် ပြောသည်။

" သူဖြေတာက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းယူပြီး ခုလို လုပ်နေတာကို တခွန်းမှ ပြန်လည် မဖြေကြားဘူး။ သူဖြေတာက အဲဒီ အောင်ဒိုင် ချောင်းတက်ကို ဆည်ပြီး စစ်တွေမြို့ကို ရေပေးဝေနေတဲ့ အကြောင်း ဒီလိုဘဲ ဘာမှ မဆိုင်တဲ့ဟာကို ဖြေသွားပါတယ်။ ဦးအောင်မြကျော် မေးတာက နေရာ တစ်ခု၊ သူဖြေတာက တစ်ခြား နေရာ တစ်ခု ဖြစ်နေတယ်။ ၀န်ကြီး ဦးကျော်သိန်းက ရတပ ပါတီက သွားတဲ့ ၀န်ကြီး ဆိုတော့ သူကဒီအကြောင်း အကုန်လုံး သိနေတယ်။ ဒါပေမယ့် သူက စစ်တပ်ကို ကြောက်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် မဖြေဘဲ ဝေ့လည်ကြောင်ပတ် ဖြေသွားခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ၀န်ကြီး ဦးကျော်သိန်းမှ ဦးအောင်မြကျော် မေးခွန်းအပေါ် တိုက်ရိုက် မဖြေကြားမူကြောင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆက်လက် ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဦးအောင်မြကျော်၏ မေးခွန်းအပေါ် ဖြေကြားမူမှာ လွဲမှားနေကြောင်း ထပ်မံ တင်ပြသဖြင့် ဦးအောင်မြကျော် မေးမြန်းသော မေးခွန်းနှင့် ပတ်သက်ပြီး သေချာ သိရှိနိုင်ရန် အောင်ဒိုင်ချောင်း ပုဇွန်ကန်များ တည်ရှိရာ နေရာကို သွားရောက် စစ်ဆေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှှမောင်တင်က ပြောသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်အား မေးမြန်းရာသူက ယခုလို ပြောသည်။

"ဟုတ်ပါတယ်။ ကျနော်မေးတာ မှန်ပါတယ်။ ၁၉၈၀ ခုနှစ်က စပြီး လုပ်ကိုင် စားသောက်နေတဲ့ လယ်တွေနဲ့ ပုဇွန်ကန်တွေပါ။ ၁၉၉၀ ခုနှစ်က ပုံစံ (၁၀၅) မြေပုံနဲ့ ငါးလုပ်ငန်း အခွန်ဆောင်ပြီး လယ်ယာ လုပ််ငန်းနဲ့ ငါးလုပ်ငန်းကို တပြိုင်တည်း လုပ်ကိုင်စားသောက်နေတာ ကြာခဲ့ပါပြီ။ ဒါတွေကို စစ်အစိုးရ လက်ထက်မှာ စစ်တပ်က သိမ်းသွားတယ်။ ဒါကို ပြန်သူတွေရဲ့ လက်ထဲကို ပြန်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးတာပါ။ အခုတော့ ဒီလယ်မြေတွေ ကိစ္စကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ကွင်းဆင်း စစ်ဆေးမယ်လို့တော့ ပြောပါတယ်" ဟု ပြောသည်။

ယခု ကျင်းပနေသည့် ရခိုင်ပြည်နယ် လွှတ်တော် အမေးအဖြ ကဏ္ဍတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းအများအပြား မေးမြန်းခဲ့ကြပြီး အများဆုံး မေးခွန်းများမှာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများကို ဘေးကျပ် နံကျပ် ဖြစ်စေခဲ့သော စစ်တပ်က လယ်မြေသိမ်းထားသည့် ကိစ္စရပ် အပေါ် မေးမြန်းသည့် မေးခွန်းများ ဖြစ်ကြောင်း သိရှိရသည်။

Most read this week