ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ဝ အရ ကျနော့်အနေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒများ၊ တနှစ်တာ ကာလအတွင်း မိမိတို့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များနဲ့ ရှေ့ကို ဆက်လက် ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဤလွှတ်တော်ကနေ တဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂ဝ၁၂ ရက်)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ဝ အရ ကျနော့်အနေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒများ၊ တနှစ်တာ ကာလအတွင်း မိမိတို့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များနဲ့ ရှေ့ကို ဆက်လက် ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဤလွှတ်တော်ကနေ တဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။
ပထမဦးစွာ နိုင်ငံတော် တဝှမ်းလုံးမှာရှိတဲ့ မိဘပြည်သူများအားလုံး အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများမှာရောက်ရှိနေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ပြည်ထောင်စုလွှတ်တော် နာယကကြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။
ကျနော်တို့အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် တနှစ်တင်းတင်း ပြည့်သွားပြီဖြစ် ပါတယ်။ ဒီလို တနှစ်ပြည့် အခါသမယမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများကနေတဆင့် ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော် အုပ်ချုပ်မှုအာဏာကို အပ်နှင်းထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျနော်တို့ အစိုးရရဲ့ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ ပတ်သက်ပြီး အကျဉ်းချံုးပြီး တင်ပြသွားမှာဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လမ်းကြောင်းအသစ်ကို စနစ်တကျ ကူးပြောင်းဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျနော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို Burma Spring, Myanmar Spring အစရှိတဲ့ အမည်နာမအမျိုးမျိုး ကင်ပွန်းတပ် ခံခဲ့ရတာကိုလည်း ကျနော်တို့ သိရှိပြီးဖြစ်ပါတယ်။ ကျနော် တို့နိုင်ငံရဲ့ တည်ငြိမ်တဲ့ အသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ၊ မြင့်မား လာပြီဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျနော်တို့ ဆက်လက် ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီ ခေတ်သစ်၊ စနစ်သစ်ကို ကူးပြောင်း နေတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ကျနော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများထွန်းကားတဲ့နိုင်ငံတော် သစ် တည်ဆောက် နိုင်ပြီလားလို့မေးရင် ကျနော်တို့ အများကြီး ကြိုးစားရဦးမှာဖြစ်ပါတယ်။ ကျနော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျောက်လှမ်းရဦးမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ မြန်မာ့လူ့ဘောင်ကို တည်တံ့ခိုင်မာရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ့် ရေရှည်လမ်းစဉ်ကြီးလည်း ဖြစ်ပါတယ်။
တနှစ်ပြည့်ကာလမှာ ကျနော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို၊ စိန်ခေါ်မှု တွေ အများအပြား တွေ့ကြံုခဲ့ရတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တနှစ်က ကျနော်ပြောခဲ့သလို ကျနော်တို့ အစိုးရအပေါ် သံသယ ရှိနေသူတွေ၊ မယုံမကြည်ဖြစ်နေသူတွေ ပြည်တွင်းမှာကော ပြည်ပမှာပါ အများကြီးရှိနေတဲ့ အတွက် ကျနော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။
ကျနော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက် စနစ်မျိုးစုံကို တွေ့ကြံုခံစားကြသူတွေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ပကတိ အခြေအနေမှန်ကို ကြည့်ပြီး ကျနော်တို့ အစိုးရဟာ ဘယ်လို အစိုးရဖြစ်သလဲ ဆိုတာကို အကဲဖြတ်ကြမှာဖြစ်သလို ဒီကနေ့ ကျနော်တို့အစိုးရ ဆောင်ရွက်နေတာ ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းအပေါ်မှာ လျောက်လှမ်းနေရ တယ် ဆိုတာကိုလည်း ကျနော်တို့ လေးလေးနက်နက် သိရှိနားလည် ခံယူထားပြီးဖြစ်ပါတယ်။
ကျနော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်သလို အနာဂတ် သားစဉ်မြေးဆက်အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်းအသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျနော်တို့ ခံယူထားပါ တယ်။ ဒီကနေ့ ကျနော်တို့အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု ခိုင်မာမှု ရေရှည်တည်တံ့မှု အပေါ်မှာ မူတည်ပြီး နောင်အစိုးရအစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ်ဆိုတာကိုလည်း ကျနော်တို့ အလေးအနက် ခံယူထားပြီးဖြစ်ပါတယ်။
နိုင်ငံတော် တည်ဆောက်ရေး ဆိုရာမှာ ယခုလို ခေတ်တခေတ်ကနေ ခေတ်သစ်တရပ်ကို စနစ်တခုကနေ စနစ်သစ် တခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု စည်းလုံးညီညွတ်မှု စနစ်တကျနဲ့ ခိုင်ခိုင်မာမာရှိမှု တို့ဟာ သိပ်ကို အရေးကြီးပါတယ်။
မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်း မှု ဖြစ်စဉ်ဟာ မိဘပြည်သူများအတွက် တကယ့်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ စံနမူ သာဓက ပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးပဲဖြစ်ပါတယ်။ ဒီအခြေအနေတွေ ရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျနော်တို့ အစိုးရချည်းပဲ သက်သက် မဟုတ်ပါဘူး။
နိုင်ငံရေး ပါတီတွေ အရပ်ဘက်က လူ့အဖွဲ့အစည်းတွေ လွှတ်တော်အရပ်ရပ်က လွှတ်တော်ကိုယ်စားလှယ်ကြီး တွေ တရားစီရင်ရေးမဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ တိုင်းရင်းသားခေါင်းဆောင်တွေ တပ်မတော်စတဲ့ stakeholders တွေ အားလုံးက စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ ကျနော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား မိဘပြည်သူတွေ ပဲဖြစ်ပါတယ်။
ဒါဟာ ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ မော်ကွန်းတင်ကျန်ရစ်မယ့် သမိုင်း စာမျက်နှာ အသစ်လည်းဖြစ်ပါတယ်။ ကျနော် တို့ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးက စောင့်ကြည့်မှုတွေကြားမှာ မြန်မာ့ ဒီမိုကရေစီခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေ တက်ညီလက်ညီ ဖေါ်ဆောင်ခဲ့တဲ့ဒီလမ်းကြောင်း မှန်မှာ ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။
နိုင်ငံသားအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေကို ဖယ်ထားပြီး တူညီတာတွေ ကို ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားကြမယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက် ခိုင်မာလာမှာ ဖြစ်ပါတယ်။