ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် မြစ်ဆုံအနီး တန်ဖရဲ ရွာသားများအား စီမံကိန်းရပ်ဆိုင်း လိုက်သော်လည်း နေရပ်ရွာသို့ ပြန်လည် နေထိုင်ခွင့်မပြုကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးက တန်ဖရဲရွာသားများအား မိမိရွာသို့ ပြန်လည် နေထိုင်ခြင်း မပြုတော့ရန် အောင်မြင်သာ စံပြရွာသို့ လာရောက် ပြောဆိုခဲ့ပြီး နောက်တနေ့တွင် ဝန်ခံလက်မှတ် ထိုးခိုင်းကြောင်း ဒေသခံတဦး က ပြောသည်။
“၂၅ ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးလာပြီးတော့၊ ရွာမှာ အစည်းအဝေးလုပ်ပြီးတော့ တန်ဖရဲမှာ တောင်ယာ လုပ်ချင် လုပ်ရမယ်။ ဒါပေမယ့် ပြောင်းပြီးမနေရဘူး ဆိုပြီး ပြောသွားတယ်။ ၂၆ ရက်နေ့မှာတော့ တအိမ် တက်ဆင်း ခံဝန် လိုက်ထိုးခိုင်းတယ်”ဟု ဒေသခံတဦးက ပြောပြသည်။
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က တန်ဖရဲရွာတွင် မြစ်ဆုံ ဆုတောင်းပွဲကျင်းပခဲ့ပြီး ဒေသခံများအပြင် စာရေးဆရာများ၊ ပညာရှင်များနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြသည်။ ထိုဆုတောင်းပွဲမှ စီမံကိန်း ရပ်တန့်သည့်အပေါ် ကျေးဇူးတင်ကြောင်းနှင့် စီမံကိန်း လုံးဝရပ်ဆိုင်းသွားရန် ဆက်လက်ကြိုးပမ်းကြမည်ဟု တက်ရောက်သူများက ပြောဆိုခဲ့ကြသည်။
ထို့နောက်တရက်တွင် ဤကဲ့သို့ ဝန်ခံကတိတောင်းသည့် လုပ်ရပ်များကို အာဏာပိုင်ဘက်မှ ပြုလုပ်လာခြင်း ဖြစ်သည်။
၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်းက သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် စီမံကိန်းအား ရပ်တန့်စေလိုက် ပြီးနောက် တန်ဖရဲရွာသားများက မိမိတို့နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန် ကြိုးစားလာခဲ့ကြသည်။
“မလိခမြစ်ဘေးက ရွာ ၃ ရွာကတော့ စီမံကိန်းမြေညှိတာတွေ လုပ်လိုက်ပါပြီ။ တန်ဖရဲရွာ ကတော့ မြစ်ဘေး တလျှောက်ပဲ မြေထိုးရသေးတာဆိုတော့ တောင်ယာလုပ်စားလို့ ရသေးတယ်။ ကျန်တဲ့ ရွာသားတွေလည်း ပြန်လို့ရရင် သူတို့နေရာဟောင်းကိုပဲ ပြန်ချင်ကြတာပါ”ဟု တန်ဖရဲရွာသားတဦးက ပြောပြသည်။
မူလ တန်ဖရဲရွာတွင် အိမ်ခြေပေါင်း ၁၈၇ အိမ်ရှိပြီး လူဦးရေ ၁၁ဝဝ နီးပါး ရှိကာ မြစ်ကြီးနား အထက် ၂၆ မိုင်အကွာ တွင် တည်ရှိသည်။ ကျေးရွာသားများသည် တောင်ယာနှင့် ဥယျာဉ်ခြံစိုက်ပျိုးသည့် လုပ်ငန်းများ၊ အပန်းဖြေ လာရောက် သူ ခရီးသွားများကို ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် တန်ဖရဲရွာအစွန်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။
၂ဝ၁ဝ ခုနစ်မှစ၍ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့လိုက်ရသည့် ရွာများကို စုပေါင်းပြီး အောင်မြင်သာ ကျေးရွာသစ် ကို မူလနေထိုင်သည့် ရွာများမှ ၁ဝ မိုင်ကျော်ဝေးသည့် နေရာတွင် တည်ပေးခဲ့သည်။
အောင်မြင်သာကျေးရွာသစ်သို့ မပြောင်းရွှေ့ဘဲ တန်ဖရဲ၌ ချန်ရစ်နေထိုင်ခဲ့သည့် အိမ်ထောင်စု ၄ စုရှိသည်။ အိမ်အများစုမှာ သော့ခတ်ထားကာ လူမနေကြောင်း တန်ဖရဲရွာသားတဦးက ပြောပြသည်။
မြစ်ဆုံစီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများ က တည်ပေးသည့် ၎င်းရွာသစ်မှာ တောင်ယာလယ်လုပ် စိုက်ပျိုး စားသောက် မရသည့် မြေရိုင်းဖြစ်ပြီး အောက်ခံမြေမှာ ကျောက်ဖြုန်းလွှာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
နေအိမ်အသစ်များကိုလည်း တောသစ်အစိမ်းများကို ဖြတ်တောက် ဆောက်လုပ်ပေးထားအတွက် လက်ရှိတွင် ပျဉ်ချောင်းများမှာ ကောက်ကွေးနေကြောင်း သိရသည်။
အောင်မြင်သာကျေးရွာ၏ အောက်ဘက်တွင် မြစ်ဆုံစီမံကိန်းမှ တရုတ်လုပ်သားများ ယခုချိန်ထိ ဆက်လက် နေထိုင်ဆဲ ဖြစ်ပြီး အေးရှားဝေါကုမ္မဏီမှ ဝန်ထမ်းများလည်း ယခင်အတိုင်း ဆက်လက်နေထိုင်ဆဲ ဖြစ်သည်ဟု သိရသည်။
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍ “မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့် ဖြစ်သည်”ဟု တရုတ်ပြည် အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကို အား ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပီကင်းမြို့၎င်း တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
မစ္စတာဝူဘန်ကို ကလည်း အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများ ကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု ဦးရွှေမန်းအား ပြန်လည် သတိပေးပြောဆိုခဲ့သည်။