ရခိုင်လူမျိုး တည်တံ့ရေး အတွက် သမိုင်းဝင်တိုင်များ စိုက်ထူထားရာ ရွှေတောင် ငွေတောင်ကို ဖြိုပြီး ကျောက်ထုတ်် သဖြင့် ရွာသားများ ကန့်ကွက် ဆန္ဒပြ

ရခိုင်လူမျိုး တည်တံ့ရေး အတွက် သမိုင်းဝင်တိုင်များ စိုက်ထူထားရာ ရွှေတောင် ငွေတောင်ကို ဖြိုပြီး ကျောက်ထုတ်် သဖြင့် ရွာသားများ ကန့်ကွက် ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်လူမျိုးများ ရာသက်ပန် တည်တံ့ရေး အတွက် အေဒီ ရ၉၂ ခုနှစ်တွင် မြောက်ဦးနန်းတည် ဘုရင် မင်းစောမွန် စိုက်ထူခဲ့သော ရက္ခုံးတိုင်မျာ တည်ရှိရာ မြေပုံမြို့နယ်မှ ရွှေတောင် ငွေတောင်ကို ကျောက်ထုတ်လုပ်ရန် ဖြိုဖျက်သဖြင့် ကျေးရွာသားများက ၀ိုင်းဝန်းဆန့်ကျင် ဆန္ဒပြ ကန့်ကွက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

" ဒီကျောက်တောင်တွေကို ဒီဒေသမှာ ရွှေတောင် ငွေတောင်လို့ ခေါ်ပါတယ်။ ရခိုင်ဘုရင် မင်းစောမွန်က မြောက်ဦးနန်းကို တည်ဆောက်တော့ မြို့တည် နန်းတည် သင်္ကေတ အထိမ်းအအမှတ်တွေအနေနဲ့ ရက္ခုံးတိုင်တွေကို စိုက်ထူထားခဲ့ပါတယ်။ ဒီကျောက်တောင်တွေကို အခု လာပြီး ကျောက်ထုတ်ဖို့ ဖြိုချပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွာက သက်ကြီးရွယ်အိုတွေ အပါအဝင် လူပေါင်း ၁၅၀ ကျော်က သွားရောက် ဆန္ဒပြခဲ့ပါတယ်" ဟု ကံသာကျေးရွာမှ လူငယ် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ်မှ ကျောက်လုပ်ငန်း ကန်ထရိုက်တာ ဦးသန်းရွေမောင် ဦးဆောင်သော လူပေါင်း ၂၀ ခန့်က ပြည်နယ် ၀န်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ကုလားတန် မြစ် ကြောင်း စီမံကိန်းတွင် ပါရှိသော ဆိပ်ခံ တံတားများ ဆောက်လုပ်ရန်ဟု ဆိုကာ ကျောက်တောင်ကို ဖြိုဖျက်ကာ ကျောက်ထုတ်လုပ်ခဲ့သည်။

" ဒီရွှေတောင် ငွေတောင်ဆိုတာက သမိုင်းဝင် နေရာတွေ ဖြစ်ပြီး စစ်တွေမြို့ကနေ ရ၃ မိုင်ခန့် ဝေးပါတယ်။ ကုလားတန် မြစ်ကြောင်း စီမံကိန်း ဆိပ်ခံတံတားတွေ အတွက် ကျောက်ထုတ်မယ်ဆိုရင် ကုလားတန်မြစ် ဘေးယာ တလျှောက်မှာ ကျောက်တောင်တွေ အများကြီး ရှိပါတယ်။ အဲဒီနေရာတွေ ရှိပါရဲ့နဲ့ ကျွန်တော်တို့ မြေပုံမြို့နယ်က သမိုင်းဝင် ရွှေတောင် ငွေတောင်ကို ကျောက်ထုတ်ဖို့ လာဖြိုတယ်ဆိုတာက ယုတ္တိ လုံးဝ မရှိဘူး။ ဒီလောက် နည်းပညာအရ တိုးတက်နေတဲ့ ခေတ်မှာ ဘယ်နေရာက မဆို ကျောက်ထုတ်လုပ်လို့ ရပါတယ်။ အခု သူတို့မှာ ဒီလို လာလုပ်တာ ရည်ရွယ်ချက် ရှိတယ််ဆိုတာ အထင်အရှား မြင်နိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးတစ်မျိုးရဲ့ ယုံကြည်မူဆိုင်ရာ အရ တည်ဆောက်ထားတဲ့ အရေးကြီးတဲ့ နေရာကို လာဖျက်တာဟာ သက်သက် ကျွန်တော်တို့ရဲ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကျေးရွာသားများ ကန့်ကွက် ဆန္ဒပြ တောင်းဆိုမှုကြောင့် ယခုအခါ ကျောက်ထုတ်လုပ်မူကို ယာယီ ရပ်တန့် ထားသော်လည်း မြေပုံ မြို့နယ် အုပ်ချုပ်ရေးမှူး မင်းခိုင်ဝင်းသည် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ကံသာ ကျေးရွာသို့ လာရောက်ပြီး ကျောက်ထုတ်လုပ်မူကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သဖြင့် ကျေးရွာ သားများကို ကန့်ကွက်မူ မလုပ်ကြရန် လာရောက် ခြိမ်းခြောက်သွားခဲ့သည်ဟု သိရသည်။

" မြို့နယ် အုပ်ချုပ်ရေးမှူး မင်းဝင်းခိုင် ရောက်လာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တစ်ဦးကို ခန့်တယ်။ တက်ရောက်လာတဲ့ သူတွေကို ဒီတောင်ကို ဖြိုတဲ့အတွက်နဲ့ ကန့်ကွက်သူ ရှိသလားလို့ မင်းဝင်းခိုင်က မေး ပါတယ်။ ရွာသားတွေက အကြောက်တရားတွေ ရှိနေသေးတော့ ဘယ်သူမှ ဘာမှ မပြောရဲကြဘူး။ အုပ်ချုပ် ရေးမှူးကတော့ ဒီ ကျောက်ထုတ်လုပ်တာကို ဆက်လုပ်သွားမယ်၊ တောင်ကို ဘတ်ဖို့ နှစ်စီးနဲ့ ဖြိုမယ်လို့ ခြိမ်းခြောက် ပြောသွား ပါတယ်" ဟု သူက ဆက်ပြောသည်။

သမိုင်းဝင် တောင်ကို ဖြိုပြီး ကျောက်ထုတ်လုပ်မူကို ရပ်တန့်ရန် ကံသာကျေးရွာသား ၁၂၃ ယောက်က လက်မှတ်ထိုးပြီး မြေပုံမြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ၀န်ကြီးချုပ်၊ ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာန၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ သို့ စာရေး တိုင်ကြားလိုက်သည်ဟု သိရသည်။

မြေပုံမြို့နယ် ဂုတ်ဖြူအုပ်စု ကံသာကျေးရွာရှိ ရွှေတောင် ငွေတောင်မှာ သမိုင်းအရ မည်မျှထိ အရေးကြီးပါ သလဲဟု ရှေးဟောင်း ယဉ်ကျေးမူဌာန ဒု လက်ထောက် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကျော်ထွန်းအောင်ကို မေးကြည့်ရာ သူက ယခုလို ပြောသည်။

" အဲဒီ ရွှေတောင် ငွေတောင် ဆိုတာက မြောက်ဦးခေတ်မှာ မြောက်ဦး ထီးတည် နန်းတည် မင်း တစ်ပါး ဖြစ်တဲ့ မင်းစောမွန်က သက္ကရာဇ် ရ၉၂ မှာ ရက္ခုံးတိုင်တွေကို ရခိုင်လူမျိုးတွေ ထာဝရ တည်တံ့ရေး အတွက် ယတြာ ဗေဒင်တွေ အရ စိုက်ထူထားတဲ့ အရေးကြီး နေရာ ဖြစ်တယ်။ သမိုင်းအရ တန်ဖိုးရှိတယ် နေရာ တစ်ခု ဖြစ်ပါတယ်" ဟု ပြောသည်။

မင်းစောမွန် စိုက်ထူခဲ့သော ရက္ခုံးတိုင် (၆) တိုင်မှာ ပြိုပျက်သွားခဲ့သဖြင့် ရွာသားများက (၄) တိုင်ကို ပြန်လည် စိုက်ထူနိုင်ခဲ့ပြီး နောက်ထပ် တိုင် (၂) တိုင်ကို စိုက်ထူရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အကြောင်းပြကာ ကျောက်တောင်ကို ဖြိုဖျက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်တောင်များမှာ သမိုင်းအရ အရေးကြီးသလို ဒေသအတွင်း လေမုန်တိုင်းဒဏ်ကိုလည်း ကာကွယ်ပေး သဖြင့် အဆိုပါ ကျောက်တောင်များ ပြိုပျက်သွားမည်ကို ဒေသခံ ပြည်သူများ အထူး စိုးရိမ်လျှက် ရှိကြောင်း သိရသည်။

Most read this week