ရခိုင် ကရင် ၃၄ ဦးထဲမှ ကိုမင်းသာထွန်း နယူးဒေလီတွင် ရုတ်တရက်ကွယ်လွန်

ရခိုင် ကရင် ၃၄ ဦးထဲမှ ကိုမင်းသာထွန်း နယူးဒေလီတွင် ရုတ်တရက်ကွယ်လွန်
by -
နိရဥ္စရာ

ရခိုင််- ကရင် ၃၄ ဦးထဲမှ ရခိုင်အမျိုးသား ကိုမန်းသာထွန်းသည် ယမန်နေ့ ညနေပိုင်းက နယူးဒေလီတွင် ရုတ်တရက် ကွယ်လွန် သွားခဲ့ကြောင်း သတင်း ရရှိသည်။

အရွယ်မတိုင်မှီ အကြွေစောခဲ့သော ကိုမန်းသာထွန်း

အရွယ်မတိုင်မှီ အကြွေစောခဲ့သော ကိုမန်းသာထွန်း ကိုမင်းသာထွန်းမှာ နယူးဒေလီတွင် ရခိုင် ရဲဘော်များ စုပေါင်း နေထိုင်သော အဆောင်တွင် အိပ်ပျော်နေစဉ် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ကိုဓညလင်းက သူသေဆုံးသွားမူနှင့် ပတ်သက်ပြီး ယခုလို ပြောသည်။

" မနေ့ညဉ် ၁၂ နာရီခန့်မှာ ကွယ်လွန်သွားတာပါ။ ညဦးပိုင်းကလည်း အကောင်းပါ။ တချို့က အိပ်နေကြပြီး အဲဒီ အချိန်မှာ ရုတ်တရက်ဖြစ်သွားတာ။ လေဖြတ်ပြီး ဦးဏှောက်ပြတ်သွားတဲ့ ပုံစံဖြစ်သွားတာပါ။ ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ ဆေးရုံကိုယူသွားတယ်။ ဆေးရုံရောက်တော့ ဆရာဝန်က အသက်မရှိတော့ဘူးလို့ ပြောပါတယ်" ဟု သူက ပြောသည်။

ကိုမန်းသာထွန်းသည် လွန်ခဲ့သည့်နှစ်က အိန္ဒိယ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ရခိုင် ကရင် ၃၄ ဦးထဲမှ တစ်ဦးဖြစ်သည်။

ကိုမင်းသာထွန်းမှာ ရသေ့တောင်မြို့နယ် မစဲကမ်း မင်းကန်းချောင်း ကျေးရွာဇာတိဖြစ်သည်။ ဖခင် ဦးရွှေမောင်နှင့် မိခင် ဒေါ်သောင်းမစိန်တို့၏ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက် သား ဖြစ်သည်။

ကိုမင်းသာထွန်းမှာ ရခိုင်ပြည်တပ်မတော်(AA) တွင် ဗိုလ်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ တာဝန်ခံဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အားလုံးကတော့ ၀မ်းနည်းပါတယ်။ ကျွန်တော်တို့နဲ့အတူ ဒုက္ခအမျိုးမျိုးကို ခံလာခဲ့တဲ့ ရဲဘော် ရဲဘက်ကောင်း တစ်ဦး ဖြစ်ပါတယ်။ သူ့ဘဝ တလျှောက်လုံးမှာလည်း တိုင်းပြည်နဲ့ လူမျိုး အတွက် ပေးဆပ်ခဲ့တယ်။ အချိန်မတန်မီ စောစော စီးစီး အခုလို ကွယ်လွန်သွားတဲ့အတွက် အားလုံးက ၀မ်းနည်းကြပါတယ်" ဟု ကိုဓညလင်းက ပြောသည်။

ကိုမင်းသာထွန်း ရုပ်အလောင်းကို သင်္ဂြိုလ်ရန်အတွက် လိုအပ်သည့်အထောက်အထားများကို ပြုလုပ်နေပြီး မနက်ဖန်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ကိုမင်းသာထွန်းမှာ ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်ရှိပြီး လူပျို လူလွတ်တဦးဖြစ်သည်။

Most read this week