ဂျပန်က မြန်မာကို ချေးငွေများ ချပေးတော့မည်

ဂျပန်က မြန်မာကို ချေးငွေများ ချပေးတော့မည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံသို့ ဂျပန်ချေးငွေများ ပြန်လည်ချပေးတော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။

၁၉၈၀ စုနှစ်များကတည်းက ရပ်စဲထားခဲ့သော ဖွံ့ဖြိုးရေး အကူအညီများကို ပြန်လည်ပေးအပ်ရန် ဧပြီလ တိုကျိုတွင် ကျင်းပမည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် တရားဝင် ကြေညာဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိအား ကိုးကား၍ မအိနိချိ သတင်းစာတွင် ရေးသားထားသည်။

ဂျပန်အစိုးရ အနေဖြင့် အဆိုပါ အကူအညီများ ပြန်လည်ပေးရေး ဆုံးဖြတ်ရန်အတွက် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှု ရှိ/မရှိ အနီးကပ် စောင့်ကြည့်နေမည်ဟုလည်း ဆိုသည်။

ပထမဦးစွာ ယခင်တည်ရှိနေသည့် အကြွေး ယန်းငွေ ၄၈၀ ဘီလီယံကို မည်သို့ပေးချေမည်ကို ညှိနှိုင်းသဘော တူရမည် ဖြစ်သည်။ ထို့အတွက် မတ်လအတွင်း အကြီးတန်း အရာရှိများ တွေ့ဆုံကြ ဆွေးနွေးဦးမည် ဖြစ်သည်။

ဖွံ့ဖြိုးရေး အကူအညီများနှင့် ပတ်သက်၍ ဂျပန် အစိုးရအနေနှင့် မြန်မာအရာရှိများနှင့် ပြောဆိုမှုများ ရှိနေပြီး ဂျပန် အရာရှိများ ၂၀၁၁ နိုဝင်္ဘာလာအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ကတည်းက ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Osamu Fujimura က ပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီအရေး ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့သည်။

လောပိတ ရေအားလျှပ်စစ် ၂ အား ပြန်လည် ပြုပြင်ရန်အတွက် နှစ်နိုင်ငံ ညှိနှိုင်းတိုင်ပင်မှုများလည်း စတင်နေပြီဖြစ်သည်။