မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ
by -
မဇ္ဈိမ

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်းဖြစ်သည်။

“မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက် အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီး ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ အောင်နိုင်ရေး အလှပြကားပေါ့ ကျနော်တို့ ဆင်ထားတယ်။ ကားပေါ်မှာ ရွှေရောင် ခွပ်ဒေါင်းကြီးနဲ့ ကြယ်ဖြူကြီးကို ကျနော်တို့ လုပ်ထားတယ်။ မန္တလေး သင်္ကြန် အလှပြကားတွေလိုပေါ့ဗျာ” ဟု ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန်  ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြော မည် ဖြစ်သည်။

မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

Most read this week