သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် သို့ ပြောင်းရွှေ့ရန် မြန်မာအစိုးရစစ်တပ်၏ အင်အားဖြည့် လိုက်လံတိုက်ခိုက် မှုကြောင့် ယမန်နေ့ညနေပိုင်းမှ ကနေ့အထိ သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ခေါ် RCSS/SSA နှင့် အပြန်အလှန် ဝိုင်းရံပိတ် ဆို့တိုက်ခိုက်နေကြောင်း လွယ်ကော်ဝမ်း တပ်မှူးကြီးတဦးက ပြောပါသည်။
“ မနေ့ ညနေပိုင်း ၃ နာရီကတည်းက အင်အား ၁၅၀ နဲ့ ၁၈၀ ကြားလောက်ရှိတဲ့ ခလရ ၂၂၁ နဲ့ ခမရ ၅၇၀ ပူးပေါင်းတပ်က ကျနော်တို့တပ်နောက်ကို ကပ်လိုက်လာတယ်။ ကျနော်တို့လဲ ရွှေ့ပေးရင်းရွှေ့ပေးရင်း တာချီလိတ် အရှေ့မြောက်ဖက် က နောင်ကန်တောင်ကြောနဲ့ မိုင်းဟိုင်း ကြားလဲရောက်ရော ပြန်ပြီးခုခံတိုက် ခိုက်တာဖြစ်တယ်။ ဒီနေ့ညနေပိုင်းအထိ ကျနော် တို့ဖက်က မြန်မာပူးပေါင်းစစ်တပ်ကို ဝိုင်းထားတုန်းဘဲ” သျှမ်းပြည်တပ်မတော် ကျိုင်းတုံစစ်ဒေသမှ အဆိုပါ တပ်မှူးကြီး ကပြောသည်။
အဆိုပါ မြန်မာပူးပေါင်းစစ်တပ်အား သျှမ်းပြည်တပ်မတော်မှ နယ်မြေခံလှုပ်ရှားရေးအဖွဲ့ တပ်ရင်း ၃၄ နှင့် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယခုတိုက်ပွဲဖြစ်ပွါးသည့်နေရာမှာ တာချီလိတ်မြို့အနောက် မြောက်ဘက် ၂၅ ကီလို မီတာခန့်အကွာ၊ SSA ၏ ကျိုင်းတုံစစ်ဒေသ လွယ်ကော်ဝမ်းတပ်စခန်းမြောက်ဖက် ၃၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိ ကြောင်းလည်း အဆိုပါတပ်မှူးက ဆက်လက်ပြောပြသည်။
“ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ကျနော်တို့ ဝိုင်းထားတဲ့ မြန်မာစစ်ကြောင်းရဲ့ ဗျူဟာမှူးအဆင့်ပါ ရုံးအဖွဲ့ကို ဝင်တိုက်မိတယ်။ ဘယ်သူဘာဖြစ်လဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး။ သူတို့ရုံးအဖွဲ့ကွဲသွားပြီ။ အကျအဆုံးလဲ မသိရသေး ဘူး” ဟု အဆိုပါ တပ်မှူးက ဆက်လက်ပြောပြသည်။
ယခုအပတ် (၁၈-၁၉ ရက်နေ့)က တာချီလိတ်မြို့နယ် မိုင်းဟိုင်းအုပ်စု ဖက်လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မ တော် RCSS/SSA တပ်ဖွဲ့အား ထိုင်းနယ်စပ်ရှိ ဌာနချုပ် တပ်စခန်းများတည်ရှိရာ လွယ်ကော်ဝမ်း၊ မယ့်မော့ ဖက် ပြောင်းရွှေ့ လှုပ်ရှားရန် မြန်မာအစိုးရစစ်တပ် ဗိုလ်မှူး မင်းဇော်ထွန်း ဦးဆောင်သည့် ခလရ ၂၂၁ နှင့် ဒု-ဗိုလ်မှူးကြီး ထိန်ဝင်းအောင် ဦးဆောင်သည့် ခမရ ၅၇၀ တို့က ပူးပေါင်း ဖိအားပေးလာရာ ၃ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွါးခဲ့သည်။
သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ရေး ဆွေးနွေးပြီးနောက်ပိုင်း ယနေ့အပါအဝင် တိုက်ပွဲအပြင်းအထန် ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပါသည်။