ဘိန်းစိမ်းသယ်လာသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ်

ဘိန်းစိမ်းသယ်လာသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းခွန်ကောက်နေသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ သီးသန့် မုံးကိုးတပ်ရင်းကြား မုံကိုး-မုံခေါင်လမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းမှ တိုက်ပွဲဖြစ််ပွားနေကြောင်း ဒေသခံများဆိုသည်။

မုံးခွမ်ဒေသဘိန်းခင်းများမှ ဘိန်းခွန်အဖြင့် ဘိန်းစိမ်းပိဿာချိန် ၁၀၀ ကျော် ကောက်ခံပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများသို့ ရောင်းချရန် တရုတ်နယ်စပ် မုံးကိုးမြို့သို့ ချီတက်လာသည့် လောက်ကိုင်နယ်မြေခံ ခလရ (၂၃၉)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်စင်အောင် ဦးဆောင်သည့် အင်အား (၆၀) ခန့်ရှိ စစ်ကြောင်းနှင့် KIA တပ်ရင်း ၃၈ တပ်ဖွဲ့များကြား မုံးခွမ်-မုံကိုးလမ်းပိုင်းတွင် တိုက်ပွဲဖြစ််ပွားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ KIA အရာတဦး ပြောသည်။

“ကုတ်ခိုင်မြို့နယ် ပန်ခွန်လမ်းခွဲ ဟိုချာလုံဆိုတဲ့ရွာမှာ ဒီနေ့မနက် ၅ နာရီလောက်ကနေ စပစ်နေကြပြီ။” ဟု မုံးကိုး ဒေသခံတစ်ဦးပြောသည်။

ခလရ (၂၃၉)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဇော်မင်းအောင်နှင့် သူ၏တပ်များသည် ယမန်နှစ် နိုဝင်ဘာ ကတည်းက မုံးကိုးမြို့၌ တပ်စွဲထားခြင်းဖြစ်သည် ဟု ဒေသခံများပြောသည်။

ထိုအစိုးရစစ်ကြောင်းတွင် မုံးခွမ်နှင့် ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါ၀င်ပြီး တနေ့လုံး ကြိုးကြား ကြိုးကြား ပစ်ခတ်မှုများတွင် မြန်မာအစိုးရတပ်ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရပါ။ KIA ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု KIA မုံးကိုး အရာရှိများ ဆိုသည်။

တိုက်ပွဲစဖြစ်ရာ ဟိုချာလုံရွာမှ ၃ မိုင်အကွာရှိ အိမ်ခြေ ၅၀ ခန့်ရှိ ပန်ခွန်ရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြစဉ် ရွာသားအချို့ ကျန်ရှိနေသေးသည့် ထိုတရုတ်ရွာတွင် အစိုးရစစ်သားများက ရွာသားများ၏ အိုးအိမ်များထဲ ၀င်ရောက်လုယက်ခြင်းနှင့် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်နေကြသည်ဟု ဒေသခံများ ပြောသည်။

ယမန်နှစ်နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းထားသည့် မုံးကိုးဒေသ သီးသန့် KIA တပ်ရင်းသစ်ဖြစ်သည့် တပ်ရင်း (၃၈) မှ အရာရှိများက တိုက်ပွဲ ကြီးမားလာနိုင်သည်ဟု ကချင်သတင်းဌာနသို့ ပြောသည်။

Most read this week