အားကစားဝန်ကြီး တားမြစ်မှု NLD ရှင်း

အားကစားဝန်ကြီး တားမြစ်မှု NLD ရှင်း
by -
မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက် ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရာတွင် အားကစားဝန်ကြီးက ဘောလုံးကွင်းများကို အသုံးပြုခွင့် မပေးခြင်းကြောင့် မဲဆွယ်မှုအတွင်း အနှောက်အယှက်များ ကြံုနေရကြောင်း NLD က တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားသွားသည်။

ဖေဖေါ်ဝါရီလ ၂၀ ရက် ပါတီရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ရွေးကောက်ပွဲ ကော်မတီ တာဝန်ခံ ဦးတင်ဦး သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)“မဲဆွယ်စည်းရုံးရေး လုပ်တဲ့နေရာမှာ အစိုးရအဖွဲ့ထဲက ဝန်ကြီးတယောက်က အစီအစဉ်တွေကို ဝင်ရောက်ပြီးတော့ ဟန့်တားသလို ဖြစ်နေတယ်။ အားကစားဝန်ကြီး ဦးတင့်ဆန်းကနေပြီးတော့ ဘောလုံးကွင်းတွေကို မသုံးရဘူး ဆိုပြီးတော့ လိုက်ပြီးတော့ တားမြစ်နေတယ်” ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်း က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဟောပြောမှုကို ဧရာဝတီတိုင်း ဖျာပုံမြို့ အားကစားကွင်း အတွင်း ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်လိုသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့်မပေး၍ ဖျာပုံမြို့ပြင် သဲကွင်းတွင် ပြုလုပ်ရခြင်းကိုလည်း ဦးအုန်းကြိုင်က ထောက်ပြ ပြောဆိုသွားသည်။

ထိုသို့ ဟောပြောခွင့် မရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအတွက် ဝမ်းနည်းရကြောင်း “ပြည်သူ့ အခွင့်အရေးကို ထိခိုက်ရင် ကျမတို့ တတ်နိုင်သလောက် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်” ထိုနေ့ သဲကွင်းဟောပြောမှု အတွင်း ထည့်သွင်း ပြောသွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင်လည်း ဘောလုံးအားကစားကွင်းအတွင်း လူထုသို့ဟောပြောရန် စီစဉ်မှုကိုလည်း အားကစားဝန်ကြီး ဦးတင့်ဆန်းမှပင် ဘောလုံးကွင်းကို အသုံးပြုခွင့် မပေးကြောင်း လှည်းကူး NLD ရွေးကောက်ပွဲ အောင်နိုင်ရေးသို့ အကြောင်းကြားစာ ပို့ခဲ့သည်။

ယင်းကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဝင်ရောက် ဖြေရှင်းပေးခဲ့သဖြင့် လှည်းကူး အားကစားကွင်း အတွင်း ဒေါ်အောင်ဆန်းစုကြည်ပြန်လည် ဟောပြောခွင့်ရခဲ့သည်။ အဆိုပါ ဖြစ်စဉ်မျိုး ယခုလ ပထမပတ် ဧရာဝတီတိုင်း ပုသိမ်မြို့စည်းရုံးရေး ခရီးစဉ်တွင်လည်း ပေါ်ပေါက်ခဲ့သေးသည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

ဖေဖေါ်ဝါရီလ ၄၊ ၅ ရက်နေ့များအတွင်း မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အဆိုပါကွင်းကို မငှားခြင်းကြောင့် မန္တလေးခရီးစဉ်ကို ခေတ္တရွှေ့ဆိုင်းထားရသည်။
ဖေဖေါ်ဝါရီလ ၂၀ ရက် ပါတီရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ဦးဉာဏ်ဝင်း သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)
မန္တလေးတောင်ခြေ အားကစားကွင်းကို အသုံးပြုခွင့်ပေးရန် တိုင်းအားကစားဌာနသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် တင်ပြတောင်းခံထားသော်လည်း အကြောင်းပြန်ကြားချက် မရရှိသေးဟု NLD ၏ မန္တလေးတိုင်း လူငယ်ကူညီရေး တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

အထက်ပါ ဖြစ်စဉ်များအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသော်လည်း “အခုထိ တစုံတရာ အရေးယူတာမရှိသေးဘူး၊ ဖြေရှင်းပေးတာလည်း မရှိသေးဘူး” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို ဘောလုံးအားကစားကွင်းအတွင်း ဟောပြောခွင့် မပြုသူ A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မြောင်းမြမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝန်ကြီး ဖြစ်လာခဲ့သည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း က ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ မြောင်းမြ မြို့နယ်တွင် ယှဉ်ပြိုင်မည်ဟု သိရသည်။ အဆိုပါ လစ်လပ် နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ၏ ကိုယ်စားလှယ်မှာ မန်းဂျော်နီ ဖြစ်သည်။

တနင်္လာနေ့တွင် ပြုလုပ်သည့် NLD ၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ NLD သို့ ကူးပြောင်းလာသူ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးကိုလည်း NLD ပါတီဝင်အဖြစ် လက်ခံ လိုက်ပြီ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသွားခဲ့သည်။

Most read this week