မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ရန် နောက်ထပ် ၂ ဆ ကြိုးပမ်းရမည်ဟု ဗီဂျေနမ်ဘီးယား တိုင်းရင်းသား ခေါင်းဆောင်များကိုပြော

မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ရန် နောက်ထပ် ၂ ဆ ကြိုးပမ်းရမည်ဟု ဗီဂျေနမ်ဘီးယား တိုင်းရင်းသား ခေါင်းဆောင်များကိုပြော
by -
နိရဥ္စရာ

မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်နေသော်လည်း ယခုပြောင်းလဲနေသည်ထက် နောက်ထပ် ၂ ဆခန့် ကြိုးပမ်း ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားက တိုင်းရင်းသား ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်ဟု သိရသည်။

vijay-nambiar-visits-burma
ယခုကဲ့သို့ ပြောဆိုခြင်းကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃နာရီခွဲတွင် ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီ အစဉ် UNDP ရုံး၌တိုင်းရင်းသား ခေါင်းဆောင်များနှင့်  တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က နိရဥ္စရာသို့ ပြောသည်။

" နမ်ဘီးယား ပြောတာက ဗမာပြည်မှာ အပြောင်းအလဲ ဖြစ်နေပြီ။ အဲဒီအပြောင်းအလဲကနေ တကယ့် စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် ၂ ဆ ကြိုးပမ်းဖို့လိုတဲ့အကြောင်း ပြောသွားတယ်။"

၎င်းအပြင် “ တွေ့ဆုံဆွေးနွေးရေးကနေ တဆင့် အပြောင်းအလဲဖြစ်ဖို့ဆိုတာကိုလည်း ပြောသွားတယ်။ ဒေါ် အောင်ဆန်းစုကြည် ရွေးကိုပွဲကိုဝင်လို့ လွှတ်တော်ကနေတဆင့် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖြစ်နိုင် ဖို့ဆိုပြီးတော့ အကောင်းမြင်တဲ့ သဘောနဲ့ ဆွေးနွေးသွားခဲ့ပါတယ်။

ထိုတွေ့ဆုံဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SLND) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီး အမျိုးသား ကွန်ကရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်နှင့် အတူ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် နှစ်ဦးတို့ ပါ၀င်သည်ဟု သိရသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရန် ဆွေးနွေးခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။

" မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ အခု လုပ်နေတဲ့ အပစ် အခတ် ရပ်စဲ ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ရှိနေသလို နဝတ၊ နအဖ ခေတ်တွေမှာလည်း ဆွေးနွေးခဲ့တာ တွေ ရှိပါတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ ပျက်သွားတယ်။ ဘာကြောင့် ပျက်သွားရသလဲ ဆိုရင် တိုင်းရင်းသား တွေက မျှော်လင့် လိုလားနေတဲ့ နိုင်ငံ ရေးအရ ဖြေရှင်းဖို့ ပျက်ကွက်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ အခု လည်း အပစ်အခတ် ရပ်စဲရုံနဲ့ မပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရုံနဲ့ မပြီး၊ နိုင်ငံရေး အရ ဖြေရှင်းဖို့လိုတယ်။ အဲဒီလို နိုင်ငံရေးအရ ဖြေရှင်းတဲ့ အခါမှာ ပင်လုံမူ၊ တန်းတူမူ၊ ပြည် ထောင်စုမူနဲ့ ဖြေရှင်းမှသာ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်ဖို့ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား သည် မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ရောက်ရှိလာပြီး နိုင်ငံတော်သမ္မတအပါအဝင် လွတ်တော် ဥက္ကဌများနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များကိုလည်း သွားရောက် လေ့လာခဲ့သည်။

၎င်းအပြင် ဗီဂျေနမ်းဘီးယားသည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး ညနေ ၅ နာရီတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား၏ ယခုခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သည်။

Most read this week