စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း ရပ်တန့်

စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း ရပ်တန့်
by -
နိရဥ္စရာ

မြန်မာ အစိုးရမှ တည်ဆောက်ရန် စီစဉ်နေသော ဘူးသီးတောင်မြို့နယ်မှှ စိုင်းတင် ရေအားလျှပ်စစ် ဓါတ်အား စီမံကိန်းကို အခုအခါ ရပ်တန့်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

စိုင်းတင်ရေတံခွန် (ဓါတ်ပုံ- နိရဥ္စရာ)
ကိုယ်တိုင် စိုင်းတင် ရေတံခွန်ရှိရာသို့ သွားကြည့်ပြီး ပြန်လာသူ ဘူးသီးတောင် ဒေသခံ တစ်ဦးက ယခုလို နိရဥ္စရာသို့ ပြောသည်။

" စိုင်းတင်် ရေတံခွန်ကို လုပ်မယ်လို့သာ ပြောနေတာပါ။ ဘာမှ ထိထိရောက်ရောက် လုပ်တာ မရှိသေးပါဘူး။ ဒါနဲ့ စီမံကိန်းက တာဝန်ရှိသူ တစ်ဦးကို မေးကြည့်တော့ စီမံကိန်းက ရပ်ထားတယ်။ တရုတ်က ကုမ္ပဏီတစ်ခုနဲ့ ဖက်စပ် လုပ်မယ့် အစီအစဉ်ရှိတယ်။ သူတို့က ကွင်းဆင်း စစ်ဆေးမူတွေ လာလုပ်ပြီးမှ စီမံကိန်းကို ပြန်စတင်နိုင်မယ်ဆိုပြီး ပြောပါတယ်" ဟု ပြောသည်။

စိုင်းတင်ရေအားလျှပ်စစ် စီမံကိိန်းကို နအဖ စစ်အစိုးရ လက်ထက် နောက်ပိုင်း နှစ်များတွင် အကောင်အထည် ဖေါ်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း မြန်မာ့ အစိုးရပိုင် သတင်းစာများက အကြီးအကျယ် ဖေါ်ပြခဲ့သော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်ကြောင်း ဘူးသီးတောင် ဒေသခံက ပြောသည်။

" အခု သမ္မတ ဦးသိန်းစိန်က အရင် စစ်အစိုးရ ၀န်ကြီးချုပ် စဖြစ်တုန်းက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို လုပ်တော့မယ်ဆိုပြီး လာရောက်ကြည့်ရှု့ခဲ့တယ်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင််မြင့်တို့လည်း စစ်အစိုးရ လက်ထက်တုန်းက လာရောက် စစ်ဆေး ကြည့်ရှု့ခဲ့တယ်။ ကျွန်တော်တို့ အားလုံးက စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်း ဒီတခေါက်တော့ ဖြစ်လာမယ်လို့ ထင်တာ။ အခုတော့ အရင်အတိုင်းပါဘဲ။ ဘာမှ ဖြစ်မလာပါဘူး" ဟု ပြောသည်။

စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ဘူးသီးတောင်မှ အမည်မဖေါ်လိုသူ မြို့နယ် အဆင့် အင်ဂျင်နီယာ တစ်ဦးကလည်း လောလောဆယ် စီမံကိန်းကို ရပ်တန့်ထားခြင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် အဆင့် ရုံးစိုက်ရာ မြို့များတွင် လျှပ်စစ်မီး တစ်နေ့ (၂) နာရီသာ ရရှိပြီး မီတာခမှာလည်း တယူနစ် ၅၀၀ ကျပ်ပေးနေရသဖြင့် လျှပ်စစ်မီးငတ်နေသော ရခိုင်ပြည်သူများ အနေဖြင့် လျှပ်စစ်မီး အလုံအလောက် ရရှိရေး အတွက် စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို အကောင် အထည်ဖေါ် တည်ဆောက်ရန် အထူးလိုလားကြချိန်တွင် ယခုကဲ့သို့ စီမံကိန်းကို တစ်ဖန် ရပ်တန့်လိုက်သဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း ဘူးသီးတောင်မြို့ပေါ်မှ ဆရာတော် တစ်ပါးကလည်း မိန်းကြားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဦးနု ဦးဆောင်သော ပါလီမန် အစိုးရ လက်ထက်တွင်လည်း စိုင်းတင်ရေအား လျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့သော်လည်း နိုင်ငံခြားသား အင်ဂျင်နီယာ ၂ ဦးကို တောတွင်းလက်နက်ကိုင် အဖွဲ့တစ်ခုမှ ပစ်သတ်ခဲ့သဖြင့် စီမံကိန်းကို အစိုးရမှ နောက်ပိုင်းတွင် ရပ်နားပစ်ခဲ့သည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၁၉၈၈ သပိတ် ကော်မီ အတွင်းရေမှူးလည်းဖြစ်၊ ရ၄ ရန်ကုန် တက္ကသိုလ် ကျောင်းသားခေါင်းဟောင်း တစ်ဦးလည်း ဖြစ်သူ ဦးကျော်မြသာက ဦးနုခေတ်တွင် စိုင်းတင် စီမံကိန်းပျက်ပြား သွားရပုံကို ယခုလို နိရဥ္စရာသို့ ပြောသည်။

" စိုင်းတင်စီမံကိန်းကို ၁၉၅၄ ခုနှစ်မှာ ပြည်တော်သာ စီမံကိန်းနဲ့ အကောင်အထည် ဖေါ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ရောက်တော့ စီမံကိန်းကို ဦးဆောင်လုပ်နေတဲ့ ဂျာမဏီနိုင်ငံသား အင်ဂျင်နီယာ (၂) ဦး အသတ်ခံရတယ်။ အသတ်ခံရတော့ အဲဒီအင်ဂျင်နီယာ (၂) ဦးကို ဗမာ စစ်တပ်က သတ်ပစ် လိုက်တယ် ဆိုပြီး တောတွင်း အဖွဲ့ တွေကရော၊ နိုင်ငံရေး အဖွဲ့အစည်းတွေကရော စွပ်စွဲတယ်။ အဓိက စိုင်းတင် စီမံကိန်း ဖြစ်လာရင် ရခိုင်ဒေသ တိုးတက်လာမယ့် အပေါ် မမြင်လိုတဲ့ အတွက် ခုလို စီမံကိန်းကို ပျက်အောင် ဦးနု အစိုးရက လုပ်တယ်ဆိိုပြီး ပြောတယ်။ ၀န်ကြီးချုပ် ဦးနုကတော့ ဂျာမဏီ အင်ဂျင်နီယာတွေကို သတ်တာဟာ ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေ ဆိုပြီး လူသိရှင်ကြား ထုတ်ဖေါ် စွပ်စွဲခဲ့ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ စီမံကိန်းကို အစိုးရက ရပ်တန့်လိုက်ပါဘဲ" ဟု ဦးကျော်မြသာက ပြောသည်။

လျှပ်စစ်မီး ရရှိပါက ရခိုင်ပြည်နယ်မှာ ဗမာပြည်မနှင့် တန်းတူ တိုးတက်လာမည်ကို အလို မရှိသော ဦးနု အစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့မှ အဆိုပါ စီမံကိန်း ရပ်တန့်အောင် ပူးပေါင်း အကောက်ကြံ စီစဉ် ဆောင်ရွက်မူ အဖြစ် ရခိုင်အမျိုးသားများက စွပ်စွဲခဲ့ကြသည်။

၁၉၈၈ ခုနှစ် စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် နဝတ ခေတ်တွင်လည်း ရခိုင်ပြည်သူများကို ချွေးသိပ်လိုသဖြင့် " ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီးများဖြင့် လင်းထိန်တော့မည် စိုင်းတင် ရေအားလျှပ်စစ်ဓါတ်အား စီမံကိန်း" ဟု ခေါင်းစဉ်တပ်ကာ စီမံကိန်းရုံးများ ဖွင့်လှစ်ပြီး စိုင်းတင်ရေအား လျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း တိုင်းသိ ပြည်သိ ကျေညာခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အကြောင်းပြချက် တစ်စုံတစ်ရာ မရှှိဘဲ စီမံကိန်းကို ရပ်ဆိုင်းပစ်ခဲ့သည်။ စစ်တွေရှိ စိုင်းတင် စီမံကိန်းရုံးမှာလည်း အရက်ဆိုင်ဖြစ်သွားခဲ့ကြောင်း သိရသည်။

၀န်ကြီးချုပ် ခင်ညွှန့် ရာထူးမှ ပြုတ်သွားပြီးနောက်ပိုင်း ဦးသိန်းစိန် ၀န်ကြီးချုပ် ဖြစ်လာသော နအဖ ခေတ်တွင် လည်း စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖေါ်တော့မည် ဖြစ်ကြောင်း တရားဝင် လူသိရှင်ကြား ကျေညာခဲ့ပြီး သတင်းစာများမှ စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်း အကြောင်းများကို ရေးသား ဖေါ်ပြခဲ့သည်။ သို့သော်လည်း နအဖ စစ်အစိုးရမှ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သို့ အာဏာ လွဲပြောင်းပြီးနောက် ယခုတစ်ဖန် စီမံကိန်းကို ရပ်ဆိုင်းလိုက််ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည်မှာ ၆၄ နှစ် ရှိသွားပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်မှာ ဒီဇယ်သုံး မီးစက်များကို အားကိုးနေကြရပြီး မဟာဓါတ်အားလိုင်းများမှ လျှပ်စစ် ဓါတ်အား ရရှိနိုင်ခြင်း မရှိသေးသဖြင့် တိုးတက်မူ အလွန်နှေးကွေးနေကာ စက်မူ လုပ်ငန်းများကိုလည်း တည်ထောင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ စိုင်းတင် ရေတံခွန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေတံခွန်တစ်ခု ဖြစ်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်မည်ဆိုပါက မီကာဝပ် ရ၀ ထိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင့် လေ့လာ ဆန်းစစ်များအရ သိရှိရသည်။

Most read this week