ကယားပြည်နယ်၏ ဒုတိယမြို့တော် ဒီးမောဆိုကနေ ပထမမြို့တော်ဖြစ်သော လွိုက်ကော်မြို့ကြီးရှိ ဆွေမျိုးများဆီ မရောက်သည်မှာ အတော်အတန်ကြာပြီဖြစ်၍ အလည်အပတ်သွားရောက်ရန် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစီးဖြင့် မနက်ခင်းတခု၏ နေရောင်ခြည်အောက်တွင် အိမ်က စတင်ထွက်ခွာလာပါသည်။
အချိန်အခိုက်အတန့် အတော်ကြာ စီးနှင်းလာပြီးသည့်နောက်တွင် ဆိုင်ကယ်မှ တဖွတ်ဖွတ်မည်ကာ လမ်းဘေးတနေရာတွင် ထိုးရပ်လိုက်ရပါသည်။ ကံကောင်းထောက်မ၍ ငွေတောင်ရွာအတွင်းတွင်သာ ဖြစ်သွားခြင်းပင်။ ဆိုင်ကယ်ပြင်ဆိုင်တခုတွင် အပ်ကာ ပြင်ဆင်စေပြီး ခရီးဆက်ရသည်။ ပါလာသော ငွေ ၂၀၀၀ မှာလည်း ဆိုင်ကယ်ပြင်ခကြောင့် ပြောင်သလင်းခါသွားသည်။
ဆိုင်ကယ်ပြင်ဆိုင်မှအထွက်သိပ်မကြာလိုက် ၀ါးတားဂိတ်ဟုဆိုရပေမည်၊ ၀ါးဖြင့် ပြုလုပ်ကာထားသော ဂိတ်တခုတွင် ဘီးခွန်ဟုဆိုကာ အကောက်ခွန်ဌာနမှ ၀န်ထမ်းများက အခွန်တောင်းနေကြသည်။
ဘီးခွန်ကို ၂၀၀ ကျပ်တဲ့။ ပါလာတဲ့ပိုက်ဆံ ကလည်း ကုန်သွားပြီးဖြစ်တဲ့အတွက် အပြန်မှပေးမည်ဟု ပြောသော်လည်း မရပေ။ ၀ါးဖြင့်တားထားသော ဂိတ်အားဆွဲပိတ်ထားကြသည်။
မည်သို့မျှသွားခွင့်မပေးကြပါ။ ထို့ကြောင့် ထွက်လာပြီးမှ မထူးတော့ပါ ရောက်အောင်သွားမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့် ငွေတောင်ရှိ သူငယ်ချင်းတဦးထံ ငွေ ၂၀၀ ချေးယူကာ ပေးမှ ဂိတ်ဖွင့်ပေးတော့သည်။
ယခုကဲ့သို့ အကောက်ခွန်တွေကို ၀ါးဂိတ်များတားကာ ကောက်ခံနေသော ဂိတ်များသည် ဒီမောဆိုမှ လွိုင်ကော်မြို့သို့သွားသည့်လမ်းတလျှောက်တွင် ငွေတောင်ရွာ အပြင်တွင် ၁ ဂိတ် လွိုင်ကော်မြို့အဝင် ပန်ကန်းဂိတ်တွင် ၁ ဂိတ်ရှိသည့်အပြင် ဖရူဆိုမြို့တွင်လည်း ၁ ဂိတ်ရှိသည်။
“ဂိတ်ကို ဆွဲပိတ်ထားလိုက်တယ်၊ ပိုက်ဆံထုတ်ပေးမှဘဲ ဂိတ်ကိုပြန်ဖွင့်ပေးတယ်၊ ဂိတ်ကိုဆွဲပိတ်ထားတာတော့ သုံးဂိတ်စလုံးအတူတူဘဲ အဲလိုဘဲလုပ်တယ်”
ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့အကြား မကြာခဏသွားလာလေ့ရှိသည့် လွိုင်ကော်မြို့ခံ ခရီးသည်တဦးက ပြောပါသည်။
အစိုးရသစ်တက်လာပေမယ့်လည်း ကရင်နီလို တိုင်းရင်းသားဒေသဘက်မှာတော့ မြန်မာပြည်အလည်ပိုင်းဖြစ်တဲ့ ရန်ကုန်နှင့်မန္တလေးဒေသကဲ့သို့ ပြုပြင်ပြောင်းလည်းမှုတွေ မရှိသေးပါဘူး။
ကယားပြည်နယ်က တခြားတိုင်းရင်းသားပြည်နယ်တွေလို တမူထူးခြားဖြစ်နေတာကလည်း ပြည်နယ်ကိုယ်စား ပြုနိုင်ငံရေးပါတီနဲ့ ကရင်နီအမျိုးသား ကိုယ်စားပြုပါတီတွေကလည်း မရှိတဲ့အတွက် အောက်ခြေပြည်သူတွေ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေကို ဘယ်လိုမှဖြေရှင်းပေးနိုင်စွမ်းမရှိဘဲ ယခင်စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အခြေအနေတွေလိုဘဲ ဖြစ်နေပါသေးသည်။
ဒီးမော့ဆိုနှင့် လွိုင်ကော်သွားသည့် လမ်းတလျှောက်တွင် လမ်းများပြုပြင်မွမ်းမံထားသော်လည်း အပေါ်ယံ ပြင်ဆင်မွမ်းမံမှုများဖြစ်သည်ဟု ဒေသခံတွေကဆိုပါသည်။ နှစ်တိုင်းပင် လမ်းမကြီးအား ပြုပြင်မွမ်းမံ မှုများပြု လုပ်နေသော်လည်း ခဏသာခံပြီး ပြန်လည်ပျက်စီးသွားကြတာလည်း ရှိနေပါသည်။
“ပြင်တာလည်း နှစ်တိုင်းပြင်နေကျနေရာဘဲ ပြင်လိုက်ပျက်လိုက်နဲ့ မိုးရာသီဆိုပိုဆိုးတယ်တဲ့၊ ပြင်ထားတာဘာမှ မထူးဘူး အဲလိုခဏခဏပြင်လို့ဘဲ ဘီးခွန်မတရားတောင်းတာဖြစ်မယ်” ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောပြသည်။
ဘီးခွန်ကောက်ခံသည့် သူများသည် တခါတရံတွင် အရက်မှုးပြီးရစ်သည့် အဖြစ်မျိုးများလည်း လမ်းဖြတ်သော ဒေသခံများ ကြံုတွေ့ရတတ်သည်ဟုဆိုသည်။
“ဘီးခွန်တောင်းတဲ့လူတွေလည်း တစ်ခါတစ်လေ အရက် မူးမူးနဲ့ လာတောင်းပြီးရစ်တယ်၊ ငါ့အထင်တော့ ရတဲ့ပိုက်ဆံတစ်ချို့ကိုအရက်နဲ့ ဝယ်သောက်တယ်လို့ထင်တာဘဲ” ဟု ဒေသခံကပြောသည်။
ဘီးခွန်ကောက်ခံနေကြသော်လည်း ဘီးခွန်ကောက်သည့်ဖြတ်ပိုင်းမပေးသည့်အပြင် အသွား၂၀၀ အပြန်၂၀၀ ပေးဆောင်နေကြရသည်။ ချမှတ်ထားသည့် ဂိတ်ဖြတ်ခွန်စည်းကမ်းချက်အရ အသွားပေးလျှင် အပြန်ပေးရန်မလိုအပ်ကြောင်း သိရသည်။
“အခု ဘီးခွန်တော်တော်တောင်းတယ် ၂၀၀ တဲ့၊ ပိုက်ဆံပေးပြီးလည်း ဖြတ်ပိုင်းလဲမပေးဘူး ဒီးမော့ဆိုမှာနေပြီး လွိုင်ကော်တက်မယ်ဆိုရင် ၂ ဂိတ်ရှိတယ် ဆိုတော့ ၄၀၀ အပြန်လဲတောင်းသေးတယ်” ဟု ဒီးမော့ဆိုမြို့ခံတဦးကပြောသည်။
ယခင်ကဆိုလျှင် ဘီးခွန်မပေးလျှင် နောက်ကလိုက်အော်တာမျိုးများသာရှိပြီး ယခုတွင်မူ လမ်းများပြုပြင်မွမ်းမံ မှုများလုပ်ပေးပြီးသည့်အခါ ဂိတ်များဆွဲပိတ်ထားကာ လုံးဝပေးမသွားသည့်အထိ ပြုလုပ်လာကြပါသည်။