ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေး နမ်ဘီးယား က သူ၏ ငါးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်များ အပါအဝင် တွေ့ဆုံဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ရာတွင် အဓိကအားဖြင့် အချက်သုံးချက် တွေ့ခဲ့ကြောင်း ခရီးစဉ်အပြီး သောကြာနေ့က ထုတ်ပြန်ပြောဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် စီးပွားရေး ပေါ်လစီကိစ္စများမှာ ပြုပြင်ပြောင်းလဲရေး အတွက် ပြည်တွင်း/ပြည်ပ သဘောထားအမြင်များအဖြစ် ခရီးစဉ်အပြီး ၎င်း၏ကြေညာချက်တွင် ဖော်ပြ ထားသည်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနှင့် ကျင်းပမှု နှစ်ရပ်စလုံး ယုံကြည်စိတ်ချရမှု မဖြစ်မနေ လိုအပ်ကြောင်း “ဒီအစိုးရရဲ့ဒီမိုကရေစီလမ်းကြောင်းအပေါ် အများယုံကြည်မှု တိုးမြှင့်လာစေရေး အတွက် ကြားဖြတ် ရွေးကောက်ပွဲများဟာ အရေးကြီးတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်” ဟု ဖော်ပြပါရှိသည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တတိုင်းပြည်လုံး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗဟိုချက်မ ကျသည်ဟုလည်း မစ္စတာနမ်ဘီးယား က ပြောဆိုသည်။
လတ်တလော အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်များမှာ သမိုင်းတွင်မည့် အောင်မြင်မှု ရရန် မကြံုစဖူး နီးစပ်လာနေသော်လည်း ကချင်ပြည်နယ်လို အခြေအနေမျိုးမှာ တိုးတက်ဖြစ်ထွန်းမှုတွေ လိုအပ် နေပါသေးကြောင်း မစ္စတာနမ်ဘီးယား က “ဆယ်စုနှစ်များစွာကြာ ပဋ္ဋိပက္ခနဲ့ အယုံအကြည် ကင်းမဲ့မှုတွေကို အောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးမှုတွေကတဆင့် အရေးကြီးတဲ့ ခြေခံလိုအပ်ချက် ရရှိဖို့ ကျန်ရှိနေပါသေး တယ်”ဟု ပါရှိသည်။
တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ကြီးထွားတိုးတက်မှုအတွင်း ပြည်သူများ သာတူညီမျှ ပြည့်ဝစွာ လိုက်ပါနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် ဖန်တီးရေးများမှာ ဗဟိုနှင့် ဒေသအာဏာပိုင်များ၌ အဓိက တာဝန်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။
“ကြံ့ခိုင်တဲ့ စီးပွားရေးပေါ်လစီတွေကို ချမှတ်အကောင်အထည်ဖော်မှသာ ဒီပြောင်းလဲမှုတွေဟာ ပြည်သူ တရပ်လုံး အကျိုးစီးပွားကို အရှိန်မြှင့်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ဖော်ပြပါရှိသည်။
သမ္မတ ဦးသိန်းစိန်အစိုးရဖွဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် တနှစ်အကြာတွင် နိုင်ငံရေး အင်အားစု အမျိုးမျိုးတို့၏ အသိအမှတ်ပြုမှုဖြင့် ပြောင်းလဲမှုများမှာ အစပြုမှု၏ မကြံုစဖူး အဆင့်သို့ ရရှိလာနေကြောင်း မစ္စတာနမ်ဘီးယား က မှတ်ချက်ချသွားခဲ့သည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဘီးယားသည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင့် အပါအဝင် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ကြံ့ခိုင်ရေးပါတီတို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့ ညနေက တွေ့ဆုံခဲ့ သေးသည်။