NUPA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမည်

NUPA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမည်
by -
နိရဥ္စရာ

ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီ (NUPA) နှင့်လည်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ သတင်း တပုဒ်အရ သိရသည်။

National-United-Party-of-Arakan-flag
ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး စတုတ္တနေ့ ကျင်းပစဉ် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဉာဏ်လင်းမှ ငြိမ်းချမ်းရေးကိစ္စအတွက် ယနေ့ကာလထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်၊ တွေ့ဆုံ ညှိနိုင်းမူ အခြေအနေများကို မေးမြန်းစဉ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းက ဖြေကြားရာတွင် ရခိုင်ပြည် အမျိုးသားညီညွှတ်ရေး ပါတီနှင့် ဆွေးနွေးရန် အဆက်အသွယ် ရရှိထားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

UNFC တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့ ပါရှိရာ (၉) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသလို လက်မှတ်ရေးထိုးမူများလည်း ရှိနေကြောင်း ကျန်ရှိနေသေးသော UNFC အဖွဲ့ဝင် အဖွဲ့(၂) ဖွဲ့ဖြစ်သော NUPA အမျိုးသားညီညွှတ်ရေးပါတီ (ရခိုင်ပြည်)နှင့် LDU လားဟူး ဒီမိုကရက်တစ် အစည်းအရုံး အဖွဲ့ (၂) ဖွဲ့နှင့် အဆက်အသွယ် ရရှိထားပြီ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် ရခိုင်လက်နက်ကိုင် ပါတီ (၃) ခုရှိရာတွင် ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီလည်း ပါ၀င်သည်။

ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီသည် အိန္ဒိယတွင် ကျဆုံးသွားသော ရခိုင်ပြည် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ရာဇာ၏ ဦးဆောင်မူဖြင့် ရခိုင်လက်နက်ကိုင် အဖွဲ့ အများအပြားကို ပေါင်းစည်းပြီး တည်ထောင်ထားသော အဖွဲ့ ဖြစ်သည်။

ဗိုလ်ရာဇာရှိစဉ်က မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် အင်အား အကြီးဆုံးသော လက်နက်ကိုင် ပါတီ တစ်ရပ်ဖြစ်သော်လည်း ယခုအခါ အင်အား အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Most read this week