နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း ကငြင်းဆို လိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ် နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။
"ဝန်ကြီးကတော့ ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ။ သူက တခုပဲ ပြောတယ်ဗျ ဝေးလံသီခေါင်သော ဒေသများတွင် သွားရောက်လုပ်ကိုင်နေသော ဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာ ရှိတယ်ပေါ့။ ဒီ ဦးရွှေမန်း တင်ပြတဲ့ ဝန်ထမ်းအားလုံး လစာတိုးဖို့ကိစ္စကတော့ ၂ဝ၁၃-၂ဝ၁၄ ကျမှပဲ စဉ်းစားပါရစေဆိုပြီး ပြောတယ်" ဟု လသာမြို့နယ်မှ အောက်လွှတ်တော် အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလ ရ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင်
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
လွှတ်တော်လုပ်ထုံးလုပ်နည်းအရ ဦးရွှေမန်း၏ အဆိုသည် ယခုကဲ့သို့ ဝန်ကြီး၏ ငြင်းဆိုမှုကြောင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် သို့မဟုတ် အဆိုရှင်မှ ပြန်လည်ရုပ်သိမ်းရန်သာ ရှိသည်ဟုလည်း ဦးကြည်မြင့်က ပြောသည်။
ထို့အပြင် မဲခွဲဆုံးဖြတ်ပါက ဤအဆို အောင်မြင်နိုင်သည်ဟုလည်း "တောင်းတဲ့လူကတော့ မပိုင်ဘဲနဲ့ ဘယ်တောင်းမလဲ ဗျ။ နောက် ဒီဟာက ဖြစ်လည်း ဖြစ်သင့်တဲ့ဟာလေ။ ထောက်ခံမယ့်လူ များနိုင်တယ်။ ဖြစ်လာနိုင်တယ်" ဟု ဦးကြည်မြင့် က မဇ္ဈိမကို ပြောသည်။
သူရဦးရွှေမန်း၏ အဆိုတွင် "ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင် စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျတ် နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး" ဟု ပါရှိသည်။
ဦးရွှေမန်းက သူ၏ အဆိုတွင် နိုင်ငံဝန်ထမ်းများ လစာရရှိမှုနည်းပါးခြင်းကြောင့် အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေ သည်ကို "ဝန်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက် စာတမ်းကြေးများ တောင်းယူခြင်းနှင့် အခြား မလျော်ကန်သော လာဘ်ပေးလာဘ်ယူ ဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်" ဟုလည်း ထည့်သွင်းပြောသွားသည်။
ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ၂ဝ၁ဝ ခုနှစ် မတ်လ ၁၁ ရက်နေ့ အောက်လွှတ်တော် အစည်းအဝေးတွင်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများအတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းကပင် "ဝန်ထမ်းလစာနှင့် အငြိမ်းစားလစာ တိုးမြှင့် ဆောင်ရွက်လိုသည့်အခါတိုင်း ငွေကြေး ဖေါင်းပွမှုနှုန်း၊ နိုင်ငံအတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး စသည်တို့ကို ထည့်သွင်း တွက်ချက်ရပြီး ထိုအချက်များကို သုံးသပ်ကာ သင့်လျော်သော အချိန်တွင် ဆောင်ရွက်ပေးမည်" ဖြစ်ကြောင်းသာ ပြောကြားသွားသည်။
ထိုနေ့ လွှတ်တော်ဆွေးနွေးပွဲတွင်လည်း လဲချားမြို့နယ် မဲဆန္ဒနယ်မှ စိုင်းမောင်တင်က ဝန်ထမ်းများ လာဘ်ပေးလာဘ် ယူမှုများ ရှိနေမှုအပေါ် ထောက်ပြပြောဆိုသွားပြီး ထိုပြဿနာများကို မည်သို့ ဖြေရှင်းရန်ရှိကြောင်းကိုလည်း ဝန်ကြီး ဦးလှထွန်းကို မေးမြန်းခဲ့သည်။
ဦးလှထွန်းက လာဘ်ပေးလာတ်ယူ ကိစ္စများ ဖြေရှင်းပေးနိုင်ရေးအတွက် လစာတိုးပေးသည့် နည်းလမ်းတခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ ဝန်ထမ်းများကို ပညာပေးခြင်း၊ အရေးယူခြင်းနှင့် ပြည်သူများမှ အသိပေးတိုင်ကြားနိုင်ရန် ဌာနများ သတ်မှတ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားသည်။
ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍လည်း ယခုလ ရ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် သူရဦးရွှေမန်းက "အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာဖြစ်ပါတယ်" ဟု ပြောဆိုသွားသည်။
နိုင်ငံ့ဝန်ထမ်းလစာများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၈၉၊ ၁၉၉၃၊ ၂ဝဝဝ၊ ၂ဝဝ၆၊ ၂ဝ၁ဝ ခုနှစ်တို့တွင် အကြိမ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လစာတိုးမြှင့်မှု အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂ဝဝ၉) အရ အစိုးရဝန်ထမ်းအသီးသီးကို ကျပ် ၂ဝ,ဝဝဝ စီ တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ လစာတိုးမြှင့်မှုမတိုင်ခင် ဝန်ထမ်းတဦး၏ လစာမှာ အနည်းဆုံး ၂ဝ,ဝဝဝ ကျပ်ဖြစ်သည်။
ယင်းအပြင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်အရ ဝန်ထမ်းများ အငြိမ်းစား ယူခဲ့သော နောက်ဆုံးရာထူး လစာအတိုင်း ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံရေး ပင်စင်စားများ၏ လစာမှာ ၁၁ဝ,ဝဝဝ ထက်ပိုနေပါက ၂၀,၀၀၀ ထပ်မံမတိုးမြှင့်ဘဲ လက်ရှိအတိုင်း သာ ခံစားသွားရန် သတ်မှတ်ထားသည်။