ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်မီး ရရှိရေး ရခိုင်ပြည်သူသို့ တင်ပြခြင်း စာအုပ်ဖြန့်ဝေ

ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်မီး ရရှိရေး ရခိုင်ပြည်သူသို့ တင်ပြခြင်း စာအုပ်ဖြန့်ဝေ
by -
နိရဥ္စရာ

“ရခိုင်သယံဇာတ ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓါတ်အား အပြည့်အဝ ရရှိရေးအတွက် ရခိုင်ပြည်သူသို့ တင်ပြခြင်း” စာအုပ်ငယ် တစ်အုပ်ကို ရတပ ပါတီမှ ထုတ်ဝေပြီး ရခိုင်ပြည်နယ် တွင်ဖြန့်ဝေလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

၎င်းစာအုုပ်ကို ဇန္နဝါရီလ ကနေ စတင် ဖြန့်ဝေ နေပြီ ဖြစ်ကြောင်း စာအုပ် ဖြန့်ချီရေး တာဝန်ခံက နိရဥ္စရာသို့ ပြောသည်။

" စာအုပ်ကို ရခိုင်ပြည်သူတွေ သိသင့်သိထိုက်တဲ့အတွက် ခုလို ထုတ်ဝေ ဖြန့်ချီရတာ ဖြစ်ပါတယ်။ မိမိဒေသက ထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ မိမိ ပြည်နယ်ရဲ့ လျှပ်စစ်မီး သုံးစွဲနေရတဲ့ အခြေအနေတွေကို လူထု သိအောင်တင်ပြတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

စာအုပ်ထဲတွင် ရွှေသဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှုနှင့် လက်ရှိ အခြေအနေ၊ ဓာတ်ငွေ့ ထွက်ရှိမှု ပမာဏနှင့် ပြည် ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှု အခြေအနေ၊ ရခိုင်ပြည်နယ်၏ လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အခြေအနေများကို ရေးသားထားသည်ဟု သိရသည်။

၎င်းအပြင် စာအုပ်ထဲတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယ အကြိမ်ပုံမှန် အစည်းအဝေးများ တွင် ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ လွှတ်တော် အမတ်များမှ သဘာဝဓာတ်ငွေ့ သုံးစွဲခွင့် ရရှိရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးများသို့ မေးခွန်းများ မေးမြန်းခဲ့ခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးများမှ ပြန်လည် ဖြေကြား ချက်များပါ ရှိကြောင်း သိရသည်။

" ဒီစာအုပ်ကို ဖြန့်ဝေရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ကထွက်တဲ့ဓါတ် ငွေ့နဲ့ ရခိုင်ပြည်သူတွေ အနေနဲ့ အကျိုးခံစားမှု အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထားတဲ့ အချက် တွေကို ရခိုင်ပြည်သူတွေ အနေနဲ့ သိရှိစေဖို့ အတွက် ဖြန့်ဝေခြင်းဖြစ်ပါတယ်" ဟု ဖြန့်ချီရေးမှူးက ပြောသည်။

စာအုပ်တန်ဖိုးမှာ တစ်အုပ် ကျပ် ၁၀၀ ဖြစ်သော်လည်း အပြင်တွင် ကျပ် ၂၀၀ ဖြင့် ၀ယ်ယူနေကြရကြောင်း စာပေ ၀ါသနာရှင် လူငယ် တစ်ဦးက ပြောသည်။

စာအုပ် မထုတ်ဝေမီ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက လျှပ်စစ်မီး ၂၄ နာရီ ရှိရေး အတွက် အလုပ်အဖွဲ့၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီ ထဲ၌ လုပ်ငန်း ဦးစီး အဖွဲ့၊ ပြန်ကြားရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ရုံးအဖွဲ့၊ ဥပဒေ အကြံပေးအဖွဲ့ ့စသည်ဖြင့် အသီးသီး ဖွဲ့စည်းခဲ့ သည်ဟု သိရသည်။

ယခုအခါ စာအုပ်ကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ ပေါက်တော၊ စစ်တွေနှင့် တခြားမြို့များတွင် ဆက်လက် ဖြန့်ဝေနေကြောင်း သိရသည်။

Most read this week