ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော
by -
သျှမ်းသံတော်ဆင့်

ကြားဖြတ်ရွေးကောက်ပွဲတွင်သာမက ၂၀၁၅ ရွေးကောက်ပွဲတွင်ပါ တရားမျှတ ဖြောင့်မတ်စွာလုပ်သွားမည် ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်ပါတီများအား ရွေးကောက်ပွဲကော်မရှင်က အစည်းအဝေးခေါ်ယူ ကာ ရှင်းလင်းပြောကြား သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ဆိုပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတရုံ (ဓါတ်ပုံ- အင်တာနက်)
“ပါတီတိုင်းကိုခေါ်ပြီး အစည်းအဝေးခေါ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှုရှိအောင်လုပ်မယ်။ လာမယ့် ၂၀၁၅ မှာလဲ ထို့အတူဘဲ လို့ပြောတယ်။ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းကိုလဲ မဲရုံမှာကပ်မယ်။ အမတ်လောင်းတွေကိုလဲ မဲပေး ပိုင်ခွင့်လူဦးရေစာရင်း တယောက်တစုံပေးမယ်တဲ့။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကျနော်တို့အမတ်လောင်းတွေက တမျက်နှာ ၂၀၀ ကျပ်နဲ့ဝယ်ရတာကိုး။ မိတ္တူကူးခ ဆိုပြီးတော့လေ” ဟု အစည်းအဝေးတက်ရောက် သည့်လွှတ်တော် အမတ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၄ မနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ အစည်းအဝေးခေါ်ယူခြင်းဖြစ်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကိုယ်တိုင် ပြောကြားကြောင်း၊ မှတ်ပုံတင်ပြီး သည့်ပါတီတိုင်း ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ရကြောင်း နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောပြပါသည်။

“ ကြိုတင်မဲကိုလဲ ရှောင်လွှဲလို့မရမှသာလျှင် ယူရမယ်။ ကြိုတင်မဲပုံးကို ရွေးကောက်ပွဲကျင်းပနေစဉ် အချိန် အတွင်းမှာဘဲ ကြိုတင်မဲပုံးအပ်ရမယ်လို့ စည်းကမ်းထုတ်ထားတယ်။ ပထမတခေါက်တုန်းက ဆိုရင် ရွေးကောက်ပွဲပြီးမှ ရောက်လာတာရှိ တယ်။ ညကြီးမင်းကြီးရောက်လာတာရှိတယ်။တရက် နှစ်ရက်ကြာမှ ရောက်လာတာတောင်ရှိသေးတယ်။ ခုတခေါက်တော့ အဲလိုမလုပ်ရဘူးတဲ့ ” ဟု ၎င်းက ဆိုပါသည်။

အစည်းအဝေးတက်ရောက်သူများမှာ ပါတီ၏ လွှတ်တော်အမတ်များ၊ ပါတီကိုယ်စားလှယ်များလည်း တက်ရောက်ကြောင်း၊ NLD မှ ဦးဉာဏ်ဝင်း၊ မွန်ဒေသလုံးဆိုင်ရာပါတီမှ နိုင်ငွေသိန်းကိုလည်းတွေ့ရကြောင်း အမည်မဖော်လိုသည့်အဆိုပါ အစည်းအဝေး တက်ရောက်သူတဦးက ဆက်လက်ပြောပြသည်။

လာမည့် ဧပြီလ ၁ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၄၀ နေရာ ၊ အမျိုးသား လွှတ် တော် ၆ နေရာ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ တွင် ပါတီ ၁၇ ခု ယှဉ်ပြိုင် ဖို့ ရှိကြောင်း သိရသည်။

Most read this week