ဗုံးခွဲမှုအတွင်း တရုတ်အင်ဂျင်နီယာ တစ်ဦး သေဆုံး မြန်မာအရာရှိ ၃ ဦး ဒဏ်ရာရ

ဗုံးခွဲမှုအတွင်း တရုတ်အင်ဂျင်နီယာ တစ်ဦး သေဆုံး မြန်မာအရာရှိ ၃ ဦး ဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မန်တုံနှင့် နမ့်ခမ်းမြို့နယ် အကြား ကားလမ်းပေါ်တွင် ယခုလ ၁၃ ရက်နေ့က တရုတ်ဂက်စ် ပိုက်လိုင်းအင်ဂျင်နီယာ စီးနင်းလိုက်ပါလာသည့် ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း တရုတ်အင်ဂျင်နီယာ သေဆုံးပြီး ယာဉ်ပေါ်ပါ မြန်မာအရာရှိ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရေနံနှင့်ဂက်စ်ပိုက်လိုင်းစီမံကိန်း
မန်တုံမြို့နယ်မှ နမ့်ခမ်းဘက်သို့ ၎င်းယာဉ်ထွက်ခွာလာစဉ် အမည်မသိအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်ပေါ့ ကားကိုဆွဲမိုင်းနဲ့ခွဲတာ တရုတ်အင်ဂျင်နီယာတစ်ဦး သေသွားတယ် မြန်မာအ ရာရှိ ၃ ဦးလည်း ဒဏ်ရာရတယ် တရုတ်အင်ဂျင်နီယာအလောင်းကိုတော့ တရုတ်ပြည်ဘက် ပြန်သယ်လာပြီ” - ဟု သူက ဆိုသည်။

အစိုးစစ်တပ်များလုံခြုံရေးထူထပ်စွာချထားသည့်ကြားက ယခုဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူကဆက် ပြော သည်။

“ဘယ်အဖွဲ့လက်ချက်ဆိုတာတော့ ပြောဖို့ခက်တယ်။ ကီလိုမီတာ ၂၀ လောက်ရှိတဲ့ခွင်ထဲမှာ (အစိုးရ)တပ်က တပ်ရင်း ၈ ရင်း လုံခြုံရေးယူထားတဲ့ကြားက ဖြစ်သွားတာ ခမရ ၅၀၆ က အနီးကပ် လုံခြုံရေးယူတယ်။ သူတို့ကိုယ်တိုင် လုပ်တာ လည်း ဖြစ်နိုင်တယ် ” ဟု ဆိုသည်။

ဒဏ်ရာရသည့် မြန်မာအရာရှိ ၃ ဦးမှာ အမှတ် ၂ စွမ်းအင်ဝန်ကြီးဋ္ဌာနမှ ဖြစ်ပြီး ယမန်နေ့က နမ့်ခမ်းဆေးရုံမှ မူစယ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း နမ့်ခမ်းမြို့ခံ ဆေးရုံဝန်ထမ်းအသိုင်းအဝိုင်းမှ တဆင့်သိရသည်။