ဘင်္ဂလာအော်ရဲ့ ကောင်းမွေကို ဗမာ စစ်အာဏာရှင်များခံစားပြီး ဆိုးမွေကိုကျတော့ ရခိုင်ပြည်သူများ ခံစားနေရကြောင်း ဗိုလ်ရာဇာအောက်မေ့ဖွယ်နေ့တွင် ရခိုင်လူငယ်တစ်ဦးက ပြောကြား

ဘင်္ဂလာအော်ရဲ့ ကောင်းမွေကို ဗမာ စစ်အာဏာရှင်များခံစားပြီး ဆိုးမွေကိုကျတော့ ရခိုင်ပြည်သူများ ခံစားနေရကြောင်း ဗိုလ်ရာဇာအောက်မေ့ဖွယ်နေ့တွင် ရခိုင်လူငယ်တစ်ဦးက ပြောကြား
by -
နိရဥ္စရာ

၁၄ နှစ်မြောက် ဗိုလ်ရာဇာ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို အမေရိကန်နိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူ ရခိုင် လူငယ် တစ်ဦးက ဘင်္ဂလာပင်လယ် အော်ရဲ့ ကောင်းမွေကိုကျတော့ ဗမာ စစ်အာဏာရှင်များခံစားနေကြပြီး ဆိုးမွေကိုကျတော့ ရခိုင်ပြည်သူများ ခံစားနေရကြောင်း ထုတ်ဖေါ်ပြောဆိုသွားကြောင်း သတင်း ရရှိသည်။

Bo-Razar-memorial-day-held
အိန္ဒိယ အစိုးရ၏ သွေးအေးအေးဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံသွားရသော ၁၄ နှစ်မြောက် ဗိုလ်ခိုင်ရာဇာ အပါအဝင် ခေါင်းဆောင် (၆) ဦး၏ အောက်မေ့ဖွယ် အခမ်းအနားကို အမေရိကန် ပြည်ထောင်စု Buffalo မြို့တွင် Arakan Freedom Movement Committee နှင့် Arakan Foundation တို့မှ ပူးပေါင်း၍ ကျင်းပပြုလုပ်စဉ် ရခိုင်လူငယ် ကိုတင်အောင်မှ ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

" ဘင်္ဂလား ပင်လယ်အော်ကပေးတဲ့ ရေကြီးတဲ့ဒဏ်၊ လေမုန်တိုင်းဒဏ်စ တဲ့ ဆိုးမွေတွေကျတော့ ရခိုင်ပြည်သူတွေ ခါးစည်း ခံကြရပြီး ဘင်္ဂလားပင်လယ်အော် ကပေးတဲ့ ကောင်းမွေတွေကို ကျတော့ ရခိုင်ပြည်သူတွေ ခံစားပိုင်ခွင့်မရှိပဲ စစ်ဗိုလ်ချုပ်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ နယ်မြေဒေသတွေမှာ နေထိုင်တဲ့ သူတို့ ဆွေမျိုးအသိုင်းအဝိုင်းက လူတွေပဲ ခံစားနေကြရတယ်။ ဒီလို မညီမျှ မတရားမူတွေနဲ့ အတူ အခွင့်အရေးမှန်သမျှ ဆုံးရှံုးနေကြရတဲ့ ရခိုင်အမျိုးသားတွေ လွှတ်မြောက်ရေး အတွက် ကြိုးစား လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ရာဇာဟာ အိန္ဒိယနဲ့ ဗမာ စစ်ထောက်လှမ်းရေးတို့ရဲ့ ပူးပေါင်း လုပ်ကြံမူကြောင့် ဘင်္ဂလာပင်လယ်ထဲမှာ ကြေလွှင့် ကျဆုံး သွားခဲ့ရပါတယ်" ဟု ကိုတင်အောင်က ပြောသည်။

ယခင် မြန်မာ စစ်အစိုးရနှင့် သူ၏ အမွေကို ဆက်ခံသော ဦးသိန်းစိန် အစိုးရသည် ရခိုင်ကမ်းရိုးတန်း ဘင်္ဂလာပင်လယ်အော်မှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့များကို ရခိုင်ပြည်သူများအတွက် တစ်စုံတစ်ရာ သုံးစွဲရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရန်် အစီအစဉ် မရှိကြောင်း ပြည်သူ့ လွှတ်တော်တွင် တရားဝင် ပြောဆိုထားသည်။ သို့အတွက် ကိုတင်အောင်က ဆိုးမွေကိုကျတော့ ရခိုင်ပြည်သူများ ခံစားနေကြရပြီး ကောင်းမွေကို ကျတော့ ဗမာ စစ်အုပ်စုနှင့် အပေါင်းအပါများက ခံစား နေကြကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

" ပြည်ထောင်စု အတွင်း ဒေသ တစ်ခုက ထွက်တဲ့ မြေပေါ် မြေအောက်် သယံဇာတတွေကို အဲဒီ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မသုံးဘဲ တခြား ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သိမ်းကျံုး ယူငင်သွားတဲ့ ဒီလုပ်ရပ်ဟာ ကိုလိုနီနယ်ချဲ့တို့ ပြုမူတဲ့ အပြုအမူ မျိုးတွေသာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ရာဇာ အောက်မေ့ဖွယ်နေ့မှာ ဗိုလ်ရာဇာလို သတ္တိပြောင်မြောက်တဲ့ ရခိုင်သူရဲ ကောင်းတွေ ပေါ်ထွန်းလာရေးနဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ လည်း သတ္တိပြောင် မြောက်စွာနဲ့ မတရားမူကို ခေါင်းငုံ့မခံဘဲ ရခိုင်ပြည်လွတ် မြောက်ရေး အတွက် တိုက်ပွဲ္ပသွားကြဖို့ လိုတယ်" ဟု သူက ဆက်ပြောသွားခဲ့သည်။

ဗိုလ်ရာဇာနှင့် ခေါင်းဆောင်များ အောက်မေ့ဖွယ် အခမ်းအနားသို့ ရခိုင်-ကရင် စုစုပေါင်း လူ ၃၀ - ခန့်တက် ရောက်ခဲ့ကြသည်။ အခမ်းအနားကို ရခိုင်အမျိုးသား တေးခြင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ဗိုလ်ရာဇာနှင့်တကွ ရခိုင်လွတ်လပ်ရေး တိုက်ပွဲ အတွင်း ကျဆုံးခဲ့ကြသည့် ရခိုင်သူရဲကောင်းများကို တစ်မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတဦးဖြစ်သူ ကိုစိုးပိုင်မှ ရခိုင်တပ်မတော် စစ်ဦးစီးချုပ် (AA) ဗိုလ်ခိုင်ရာဇာ၏ အထုပ္ပတ္တိအကျဉ်းကို ပြောကြားသွားပြီး ခိုင်ဘခင်မှလည်း ဗိုလ်ရာဇာ၏ သူမတူအောင် စွန့်လွှတ် အနစ်နာခံမူများ အပေါ် အလေးပေးပြောကြားသွားခဲ့သည်။

" ရခိုင်တပ်မတော်ဦးစီးချုပ် ဗိုလ်ရာဇာနှင့်အတူ ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်း တွေအတွက် ရခိုင်ပြည်သူ တရပ်လုံးက ကြေကွဲ မျက်ရည်ကျရင်း ဂုဏ်ယူနေကြတယ်ဆိုတာ သူတို့ရဲ့ ၀ိဉာဏ်တွေ က သိကြပါတယ်။ သူရဲကောင်းဆိုတာ တမလွန်သို့ ကူးပြောင်းသွားသည့်တိုင်အောင် သတ်ကွင်းပြောင်းသွားတဲ့ စစ်မြေပြင် အဖြစ်နဲ့ သူတို့ဝိဉာဏ်တွဟာ အဖရခိုင်ပြည်သူတွေအတွက် ဆက်လက် တိုက်ပွဲ ၀င်နေကြတုန်း ဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟု ခိုင်ဘခင်က ပြောသည်။

အခမ်းအနားကို နေ့လည် ၁ နာရီမှ ညနေ ၃ နာရီထိ ကျင်းပခဲ့သည်ဟု သိရသည်။

Most read this week