တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး

တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး
by -
မဇ္စျိမ

တပတ်ကျော် ကြာသွားပြီဖြစ်သော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ထိုင်သပိတ် ဆန္ဒပြပွဲမှာ အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်နိုင်သေးဘဲဖြစ်နေပြီး ဆန္ဒပြပွဲ ရက်ဆက်သွားမည့် အခြေအနေတွင် ရှိနေသည်။

တနင်္လာနေ့မနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။

အလုပ်သမားများသည် မူလက စက်ရုံက သတ်မှတ်ပေးထားသည့် တနာရီလျှင် ရ၅ ကျပ်နှုန်းကို ၂၁၆ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း မရသဖြင့် ၁၅ဝ ကျပ်သို့ လျှော့ချ တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အလုပ်ရှင်ဘက်မှ ၁ဝဝ ကျပ်ထက် ပိုမပေးဘဲ တင်းမာနေ၍ အဆင်မပြေရခြင်းဖြစ်သည်။

“သူ့အနေနဲ့လည်း ထပ်တိုးမပေးနိုင်ဘူး။ သူပေးတဲ့ လစာကို ကျေနပ်မှ အလုပ်လာဆင်း၊ မကျေနပ်ရင် မဆင်းနဲ့၊ ဒီလိုပုံစံမျိုး သူတို့က ပြောတော့ ဆွေးနွေးမှုက အဆင်မပြေ ဖြစ်သွားတာ” ဟု အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မမိုးဝေ က မဇ္စျိမကို ပြောသည်။

အလုပ်သမများက အခြေခံ လစာ တိုးပေးရန်အပါအဝင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင် အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

တိုင်ရီတွင် တနင်္လာနေ့မှ သောကြာနေ့ထိ မနက် ရ ခွဲမှ ၉ နာရီထိ အလုပ်ဆင်းရသော်လည်း လုပ်အားခမှ ထိုက်တန်သည့် ခံစားခွင့် မရရှိသဖြင့် အလုပ်သမများအနေဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“မိန်းခလေးတယောက် အဆောင်ငှားနေမယ်ဆိုရင် အဆောင်ခက အနည်းဆုံး ၈ ထောင် ရှိတယ်။ ထမင်းစရိတ်က ၂ သောင်းခွဲလောက် ရှိတယ်။ တခြား အထွေထွေစားရိတ်နဲ့ဆိုရင် ၄ သောင်းကျော်လောက် ကုန်တယ်။ ရတဲ့လစာက လူဟောင်းမှ အမြင့်ဆုံးလစာက ရ သောင်းပဲ ရှိတော့ အလုပ်လုပ်ပြီး ခံစားခွင့်က ဘာမှမရှိဘူး” ဟု မမိုးဝေ က မဇ္စျိမကို ပြောသည်။

စက်ရုံအလုပ်သမားများမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ အများဆုံးဖြစ်ပြီး ၎င်းတို့ ဒေသများအတွင်း အလုပ်အကိုင် မပြေလည်မှုများကြောင့် ရန်ကုန်မြို့ပေါ်တက်၍ အလုပ် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ လုပ်အားခ တိုးမြှင့်ပေး ရေးကိုလည်း ထိုက်သင့်သည့် တောင်းဆိုမှု ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း သူတို့ကပြောဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားရေးမှူး ရုံးနှင့် တိုင်ရီစက်ရုံ တို့ကို မဇ္စျိမက ဆက်သွယ် မေးမြန်သော်လည်း ဖြေကြားရန် ငြင်းဆိုခဲ့ကြသည်။

အလုပ်သမားအရေး ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူကလည်း အလုပ်သမားများ၏ ထိုက်သင့် သည့် အကျိုးခံစားခွင့် ရရှိသွားသည်အထိ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြံုတွေ့ ခဲ့ရကြောင်းသိရပြီး ယခုအကြိမ်ဆန္ဒပြမှုသည် ရက်အရှည်ကြာဆုံးဖြစ် သည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စတင်ခဲ့သော တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ ဆန္ဒပြမှု ၃ ရက်မြောက် အကြာတွင် ယင်းစက်မှုဇုန်အတွင်းရှိ New Way ဖိနပ် စက်ရုံနှင့် သုံးထပ်ကြီး အထည်ချုပ် စက်ရုံတို့တွင် လည်း လုပ်အားခ တိုးပေးရန် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်များနှင့် ညှိနှိုင်းပြေလည်သွားကြသည်။