ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်

ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်
by -
မဇ္စျိမ

ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ဦးဆောင်နာယက အဖွဲ့ဝင် စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။

ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ ထံ ပေးပို့ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင်ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက်ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။

"၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး ကျုပ်ဆီ လာပို့လို့ ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။

ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ်သွားခဲ့ရသည်။

ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများအတွင် ထည့်သွင်းဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင်ခံရပြီးဖြစ်သည်။

ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ‘ဆိုဆုံးမ၍ မရသူ’အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း ရွှေညဝါ ဆရာတော်က မဇ္ဈိမကို ဆက်လက်မိန့်ကြားသည်။

ဆရာတော်သည် ပထမတနှစ် တရားပွဲ ပိတ်ပင်ခံနေရစဉ် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်း မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲကာ သံဃာ့ဆိုဆုံးမှုမကို မနာခံသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန်လည်း မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် ဆရာတော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် သာဓုကျောင်းတိုက်အတွင်း မှ ထွက်ခွာပေးရန် လက်မှတ်ထိုးထားရပြီး ‘ဆိုဆုံးမ၍ မရသူ’ဟု သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ "ဝန်ခံကတိ လက်မှတ် လည်း ထိုးခဲ့တယ်။ အဲဒီအတိုင်းအတာအထိ လုပ်ပေးခဲ့ပြီးပြီ။ နောက်ထပ်ဘာများ လုပ်ပေးရဦး မှာလဲ။ နောက်ထပ် ဘာလုပ်ပေးမှ အဲဒီ စကားလုံး အသုံးအနှုန်းက ပျက်ပြယ်မှာလဲ။ စဉ်းစားလို့မရအောင် ဖြစ်နေပါတယ်။ " ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဖေဖေါ်ဝါရီလ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ဒါယိကာ၊ ဒါယကာမများကို နှုတ်ဆက်သည့်အနေဖြင့် ဆွမ်းခံထွက်မည်ဟုလည်း သိရသည်။

သာဓု ကျောင်းတိုက်မှ ထွက်ရမည်နှင့် ပတ်သက်၍ ဆရာတော်က "၁၉ ရက်နေ့ကျတော့ အချိန်တန်ရင် ကျုပ်ထွက်သွားမှာပါ။ လွမ်းစရာမရှိပါဘူးဗျာ။ လောကကြီးမှာ ပြီးရင် အားလုံးက ထားခဲ့ရမှာပါ" ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။

Most read this week