ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ

ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ
by -
မဇ္စျိမ

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဒေါက်တာမနန်တူးဂျာသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထား သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

မိုးကောင်း မြို့နယ်ရှိ မဲဆန္ဒရှင်များကို အင်္ဂါနေ့တွင် သွားရောက် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အမတ်လောင်း မဟုတ်သေးသည့်အတွက် စည်းရုံးရေးခရီးစဉ်အဖြစ် လူထုဟောပြောပွဲ မလုပ်နိုင်သေး ကြောင်း ဒေါက်တာတူးဂျာက မဇ္စျိမကို ပြောသည်။

“စည်းရုံးရေးခရီးစဉ် မဟုတ်သေးဘူး။ မိုးကောင်းမြို့နယ်မှာ လုပ်ရမယ့် အလုပ်တွေကို သွားလုပ်တာပဲ ရှိတယ်။ အခုထိ ကော်မရှင်ကတော့ ဘာမှအကြောင်းမကြားသေးဘူး။ နည်းနည်းတော့ စောင့်ရမယ့် သဘောရှိတယ်” ဟု ပြောသည်။ 

မိုးကောင်းမြို့နယ်ရှိ မရမ်း၊ နမ္မတီးမြို့များတွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံရန်၊  ရုံးခန်းဖွင့်လှစ်ရန် စတင် ကွင်းဆင်းရန် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တသီးပုဂ္ဂလ အမတ်လောင်း အဖြစ် လျှောက်ထားခဲ့သည့် ဒေါက်တာတူးဂျာက ပြောသည်။

မိုးကောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်က စည်းရုံးရေးနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ ခေါ်ယူ ရှင်းပြရာ တွင်မူ ဒေါက်တာတူးဂျာလည်း ပါဝင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

၎င်းအနေဖြင့် မိုးကောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်၍ ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့် မရရှိခဲ့ပေ။ ထို့အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း မရှိခဲ့ပေ။

ထို့နောက် ဒေါက်တာတူးဂျာက မြစ်ကြီးနားမြို့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် လျှောက်ထားခဲ့သည် ကို ပါတီ၏ ရပ်မိရပ်ဖ အဖြစ်သာ လက်ခံထားသည်ဟု ဆိုသည်။

ဒေါက်တာတူးဂျာက မိုးကောင်းမြို့နယ် ဒေသခံများ ဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနား၊ မိုးကောင်း-ကားလမ်း၊ မိုးကောင်း-ဖားကန့် ကားလမ်းများကို ပိုမိုကောင်းမွန်စေရန် ပြုပြင်ပေးသွားမည်၊ အလုပ်သမား၊ လယ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးသွားမည်ဟု ပြောသည်။

“ ပြည်သူလူထုကို ချဉ်းကပ်မယ်။ အန်ကယ့်သဘောထားတွေ၊ ဆန္ဒတွေ ရှင်းပြမယ်။ ပြည်သူလူထုဆုံး ဖြတ်တဲ့အပေါ် မူတည်လိမ့်မယ်။ အန်ကယ့် ကံကြမ္မာကို ပြည်သူထုလက်ထဲ အပ်ထားပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့နယ်ရှိ လစ်လပ်သော ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် သုံးနေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွား မည် ဖြစ်သည်။

Most read this week