ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် စာရေးဆရာ မင်းကိုနိုင်တို့၏ ငယ်ချစ်အပေါ် သံယောဇဉ်နှင့် အိမ်သူအပေါ် သစ္စာတို့ကို သိရှိ နိုင်ရန် မဇ္စျိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားသည်။ မအားလပ်သည့် ကြားမှ အချိန်လု၍ ဖြေကြားပေးထားသည်။
“နေစောင်းရင် ဖေသောင်းတို့ အရေတောင်းပြီ…” ဟု စာငတ်သော ဝရမ်းပြေး
ကျောင်းသား ခေါင်းဆောင်နှင့် တောသူမလေး ညို တို့၏ သံယောဇဉ်...။ အရေးတော်ပုံ နောက်ခံကား၊ သပိတ်တပ်သားတို့၏ အောင်ပွဲ…
“ရှင့်အတွက် မှန်တချပ် လှူချင်လိုက်တာ”
“ရှင့်ရုပ်ကို ပြန်ကြည့်ဖို့ မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ရစ်မှန်း မသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ”
ခေတ်က ဖြတ်သန်းဆဲပင်…။
သမိုင်းခေတ်တခုကို အမှတ်မဲ့ မဖြတ်သန်း။ အနုပညာဖြင့် မှတ်တမ်းတင်လေ့ရှိသူမှာ စာရေးဆရာပင် ဖြစ်တော့ သည်။ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်’ ကား တအုပ်တည်းနှင့် စာရေးဆရာ မည်ထိုက်စွာ။
သူ့ကဗျာ၊ သူ့ပန်းချီ၊ သူ့ဝတ္ထု၊ နောက် သူ့မိန့်ခွန်းမှာပင် အနုပညာ ပါသည်။ ကျောင်းရယ်၊ ဒေါင်းရယ်၊ ရင်ခွင်ရယ်… တွင်တွင်သုံးသည်။ သို့သော် လူထုကို အိပ်ငွေ့ချသော အနုပညာမဟုတ်။
အနုပညာကို ‘ငယ်ချစ်’တဲ့။ သို့သော် မိဘများက ‘ဒေါင်းအလံ’ နဲ့ ပေးစားလိုက်သတဲ့။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် စာရေးဆရာ မင်းကိုနိုင်တို့၏ ငယ်ချစ်အပေါ် သံယောဇဉ်နှင့် အိမ်သူအပေါ် သစ္စာတို့ကို သိရှိနိုင်ရန် မဇ္စျိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။ မအားလပ်သည့်ကြားမှ အချိန်လု၍ ဖြေကြားပေးထားသည်။
ကိုမင်းကိုနိုင် က သံချပ်လည်း ထိုးတယ်၊ ကဗျာလည်း ရေးတယ်၊ ဝတ္ထုလည်း ရေးတယ်။ ဆိုတော့ဗျာ…
ပန်းချီလည်း ဆွဲတယ်လေဗျာ။
ဟုတ်သားပဲ။ ပန်းချီလည်း ရေးတယ်။ ဝတ္ထုလည်း ရေးတယ်။ ‘နောက်ကြည့်မှန်’ဝတ္ထုက နောက်ပိုင်းခေတ် တွေ ဆက်ရေးလို့ ရသေးတဲ့သဘော တွေ့ရတယ်။ ဆက်ရေးဖို့ စိတ်ကူးရှိလားဗျ။
ဒီလိုပါဗျာ။ ‘နောက်ကြည့်မှန်’ ဆက်ရန်ရှိသေးတဲ့သဘောက စာဖတ်သူရဲ့ခံစားမှု ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ ကျနော်က အဲဒီလောက်နဲ့ပဲ တော်ရင် ပိုပြီးတော့ သင့်မယ်လို့တောင် တွေးတယ်ဗျ။ ကျနော်ကိုယ်တိုင် သံယောဇဉ် ဖြစ်နေတဲ့ ကိစ္စကြီးဆိုတော့၊ ကျနော်တို့ကို သံယောဇဉ်က ပေးတာတွေက ကြည်နူးစရာတွေထက် ဆွေးမြေ့စရာတွေ က ပိုများနေလို့ပါဗျာ။
ဒီစာအုပ် ရေးခဲ့တုန်းက ဘယ်လိုစိတ်စေတနာမျိုးနဲ့ ရေးခဲ့လဲဗျ။
၈၈ အာဏာသိမ်းပြီးကာစမှာ ရေးတာပါ။ အဲတုန်းက ကျနော်တို့က ကျောင်းသားဘဝ ၂ဝ ကျော်ပဲ ရှိကြသေးတော့ ငယ်သူအတွေးနဲ့ ငယ်သူအရေးတွေပါပဲ။ နောက်ဆုံးတခန်းကျမှ ကျနော် ပထမဆုံးအကြိမ် ထောင်ကလွတ်လာတဲ့ ၂ဝဝ၅ လောက်ကျမှ နောက်ဆုံးတမျက်နှာကို ရေးတာ။ မခင်အေး က ကလေး နှစ်ယောက် ရပြီးတော့ ရထားပေါ် ကနေ ရေအိုးစင်လေးတွေ လိုက်ရှာနေစဉ်မှာ ရေသန့်ဗူးတွေ ပေါ်လာပြီ ဆိုတာလေးကို ရေးလိုက်တာလေ။
အကြောင်းအရာ ရွေးချယ်တာ၊ တင်ပြတာက ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ရဲ့ ပုံစံမျိုးတွေ့ရ ပါတယ်။ ဒီဆရာတွေရဲ့စာပေသြဇာရော ဘယ်လောက်ရှိခဲ့လဲဗျ။
သူတို့တင် မကဘူးဗျ။ ကျန်တဲ့ရသစာပေနယ်က ဆရာတွေရဲ့သြဇာတွေလည်း ကျနော့်အပေါ် သက်ဝင် ကောင်း သက်ဝင်နေပါလိမ့်မယ်။ ခုနက ခင်ဗျား ရွေးမေးသွားတဲ့ ဆရာနှစ်ပါးရဲ့သြဇာလည်း မကင်းဘူးဆို တာ ဝန်ခံပါတယ်။ ကျနော်ကတော့ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် တွေးပြီး၊ လွတ်လွတ်လပ်လပ်ရေး လိုက်တာပါပဲ။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပေါ့ အရင်ဆုံးလက်ရာ ဆိုတာမျိုးက တော့ ရှေးရှေ့က ရှိခဲ့တဲ့ အစဉ်အလာတွေပေါ်မှာတော့ ဖောက်ထွက်ဖို့ဆိုတာ အင်မတန်ခက်ပါလိမ့်မယ်။ တခုတော့ ရှိတယ်ဗျ။ ကျနော် ဒီစာကို ရေးတာက အသက် ၂၆ နှစ် အရွယ်မှာ ရေးလိုက်တာ။ တလုံးတပါဒမှပြန်ပြင်ထားခြင်း မရှိဘူးဗျာ။ ပထမဆုံး အကြမ်းစရေးတဲ့ လက်ရေးမူ ကိုပဲ ရိုက်ဖြစ်သွားတာဗျ။ တခါတည်းပုံနှိပ်ခံလိုက်ရ တာမျိုးဆိုတော့ ကျနော့်အတွက်တော့ အရိုးခံ အတိုင်းပဲ ဖြစ်နေတာတော့ အမှန်ပဲလေ။
ဗိုလ်ချုပ်အောင်ဆန်းလည်း တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စာရေးဆရာပဲ လုပ်မယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။ ဒီလိုပဲ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့ကြတဲ့ သိန်းဖေမြင့်၊ သခင်ဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်း၊ ဦးနု၊ မြသန်းတင့် စသဖြင့် စာရေးကောင်းကြပါတယ်။ ကိုမင်းကိုနိုင်တို့ရော စာပေဆက်လက်ရေးသားနေဖို့ရော စိတ်ကူးရှိလားဗျ။
အနုပညာက ကျနော့်ရဲ့ ငယ်ချစ်ပဲလေဗျာ။ အနုပညာထဲကနေ ထွက်လာပြီးတော့သာ ဒေါင်းအလံ ကိုင်မိလျက်သား ဖြစ်သွားပြီးတော့ တလျှောက်လုံး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါလာတာကိုး။ ကျနော့်ရဲ့ မူရင်းဖြစ်တဲ့ အနုပညာကို တနေ့မဟုတ်တနေ့မှာ အရောက်ပြန်သွားမှာ။ လောလောဆယ်လည်း အချိန်များရရင် ရသလောက် လုပ်ဖို့ စိတ်ကူးရှိ တယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အချိန်မရဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဒီ နိုင်ငံရေးလှုပ်ရှားတယ်ဆိုတာ အင်မတန် ဖိဆီးပါတယ်ဗျာ။ လူတယောက်ရဲ့ ဘဝတခုလုံးနီးပါးလောက် ပေးရတာကိုးဗျ။ အနုပညာဆိုတာ ကျနော့် ငယ်ချစ်ပါ။ ငယ်ချစ်ကို မပေါင်းခဲ့ရဘဲ ‘ဦးနှောက်’ ဆိုတဲ့ မိဘတွေက ပေးစားလိုက်တဲ့ နိုင်ငံရေးခေါ်ခေါ်၊ ဒီမိုကရေစီ အရေးခေါ်ခေါ် လှုပ်ရှားမှုကြီးနဲ့ ညားပြီးတော့ ဒီနေ့ထိ ခရီးသွားနေရတာကိုး။ ကျနော့်အဖြစ်က အဲဒါပါပဲ။ တချိန်မှာ တော့ ငယ်ချစ်ဆိုတဲ့ အနုပညာနဲ့ ပြန်တွေ့ချင်တယ်ဆိုတာ အဲဒါကို ပြောတာပါ။
ဒီလို အနုပညာသမားတယောက်လည်းဖြစ်တယ်၊ နိုင်ငံရေးဦးဆောင်မှုလည်း ပေးနေရတယ်။ စာပေဝေဖန် ရေးတွေ မှာ စံနှစ်ရပ်ဖြစ်တဲ့ နိုင်ငံရေးစံနဲ့ အနုပညာစံ တိုင်းထွာအကဲဖြတ်ကြတော့ ကိုမင်းကိုနိုင်ရော ဒီစံနှစ်ရပ်အပေါ် ဘယ်လိုသဘောထားလဲ။
စာတပုဒ်၊ အနုပညာတရပ်ဟာ လူသားတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို အဆိပ်အ တောက် မဖြစ်ဘူးဆိုရင် ရတယ်။ ကျနော်ကတော့ တခြားပေတံနဲ့ မတိုင်းတော့ဘူး။ အနာဂတ်အတွက် လူတွေရဲ့ အသိတရား ဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အဆိပ်အတောက်ဖြစ်တယ်ဆိုရင်တော့ နိုင်ငံရေး ပါပါ/မပါပါ ကျနော် လက်မခံနိုင်ဘူး။ အဆိပ်အတောက် မဖြစ်ဘူးဆိုရင်တော့ အနုပညာကိုပဲ ကြည့်မှာပါ။ အနုပညာသမားတယောက်အနေနဲ့ တွေးရင်တော့ ဒီအတိုင်းပဲ ကျနော် အမြဲအဖြေပေါ်ပါတယ်။
သံချပ်တွေ ထိုးခဲ့တုန်းက ဘယ်လိုစတိုင်နဲ့ ထိုးခဲ့လဲဗျ။
ရန်ကုန်၊ အောက်ပိုင်းဟန်မျိုးလို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့ မြင်ဆရာတွေ ရှိပါတယ်။ ပြောရင် လည်း မကုန်လို့ပါ။ သင်္ကြန်ကို တကယ်ချစ်ပြီးတော့ တနှစ်တာ ရှာဖွေထားတာလေးတွေကို အကုန်ခံ၊ အပြုတ်ခံ ပြီးတော့ တကယ်ထိုးခဲ့ကြတဲ့ သင်္ကြန်ဆရာသမားတွေ ရှိပါတယ်။ ဥပမာပြောရရင် ဆရာမောင်စိမ်းနီ တို့ရဲ့ကားဆိုရင် ရောက်ရာအရပ်မှာ ကျနော်တို့ကားကို ရပ်ပြီးတော့ ကြည့်ခဲ့ရတဲ့ ကျနော်တို့ရဲ့ မြင်ဆရာ၊ ကြားဆရာတွေပေါ့ဗျာ။ အဲလို အများကြီးရှိပါတယ်။ နာမည်တွေ ဆက်ပြောရင် ကျန်သွားမှာစိုးလို့ပါ။ သူတို့တတွေ ရှေ့ကနေ အစပြုခဲ့တဲ့ ဟန်တွေ အတိုင်း လိုက်ကြတာပါ။ လောကကြီး တခုလုံးကို သရော်တဲ့အမြင်၊ ဟာသရှုဒေါင့်က ကြည့်တာမျိုးတော့ ပါတာပေါ့။ ကျနော်တို့ တကယ်ကြိုက် တာကတော့ လောကကို ငြိမ်းချမ်းရေးအမြင်၊ တရားမျှတရေးအမြင်နဲ့ကြည့်ပြီးတော့မှ အဲဒီအပေါ်မှာ တိုက်ပွဲဝင်ရဲတဲ့ သံချပ်မျိုးကို ကျနော်တို့ ပိုကြိုက်ပါတယ်။
ဒီနှစ်အတွက် သံချပ်တွေ ထိုးဖို့ စိတ်ကူး စီစဉ်ထားတာ ရှိလားဗျ။
အရင် သံချပ်လောကကနေ ဒီနေ့ စာပေ၊ ရုပ်ရှင်လောကတွေထဲကို ရောက်လာတဲ့ပုဂ္ဂိုလ်တွေကတော့ သင်္ကြန်ပိုးတွေ တော်တော်ထနေပြီလို့ သိရတယ်ဗျ။ အနည်းဆုံးတော့ ကျနော့်မှာရှိတဲ့ အတွေးတွေ၊ အမြင်တွေကို ကိုယ်တိုင် ထုတ်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အဲဒီဆရာတွေ ထုတ်ပြမယ်ဆိုရင်တော့ ကျနော် သွားပြီး အားပေးရမှာပဲ။ ကျနော် သွားမျှော်ပြီးတော့ စိတ်ကြိုက် လွင့်ပါခံစားဦးမှာပေါ့ဗျာ။
သံချပ်အပေါ် သဘောထားရောဗျာ။ ဒီသံချပ်က သင်္ကြန်နဲ့ ပွဲလမ်းတွေမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ။
ဒါက ရှိကိုရှိရမှာဗျ။ တိုင်းပြည်တပြည်မှာ သံချပ်ဆိုတာ ရိုးရိုးလေး၊ ပြည်သူလူထုရဲ့ အော်သံပဲ၊ ပြည်သူလူထုရဲ့ ရင်ဖွင့်သံပဲ။ ပြည်သူ့ဘဝတွေက ဘယ်လိုရှိနေတယ်၊ ပြည်သူတွေ ဘာဖြစ်ချင်တယ် ဆိုတာကို သံချပ်နဲ့ ဖော်ထုတ် တာက နှစ်ပေါင်းများစွာ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုမှာ ရှိလာခဲ့တဲ့ အစဉ်အလာကောင်းပေါ့ဗျာ။ အဲဒါကို ဒီအမှောင်ခေတ်ကြီးတလျှောက်လုံးမှာ (အထူးသဖြင့်ဗျာ) စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ၁၉၈၉ ကနေ အပိတ်ခံရတာပဲဗျ။ ဒီနေ့ ဒီမိုကရေစီကို သွားပြီ၊ ချီတက်ပြီဆိုတဲ့ အချိန်မျိုးမှာတော့ ဖွင့်ကို ဖွင့်ပေးရမယ်ဗျာ။ ခွင့်ကို ခွင့်ပြုရမယ်ဗျာ။ ကျနော်တို့ သံချပ်သမားတွေဘက်က လည်း ပြည်သူ့ကိုယ်စား အော်နိုင်ဟစ်နိုင် သီကြွေးနိုင်ဖို့၊ ပြည်သူ့ကိုယ်စား ငြိမ်းချမ်းရေးစကားတွေ ပြောနိုင်ဖို့အတွက် ကိုယ်တိုင်လည်း ဖန်တီးယူရမယ်။ သူများပေးမှ ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ၊ မိမိရဲ့ မူလအခွင့်အရေးအဖြစ်နဲ့ သင်္ကြန်သံချပ်တွေကို ဖန်တီးကြဖို့ လိုတယ်လို့ မြင်ပါတယ်ဗျာ။
အခုရော ရေးထားတဲ့စာတွေ ရှိလားဗျ။ မထုတ်ရသေးတာတွေ။
မရှိသေးဘူးဗျ။ ကဗျာတွေပဲ အဟောင်းတွေ ပြန်ရှာနေတာ။
ဖြည့်စွက်ပြောချင်တာများ ရှိသေးလားခင်ဗျ။
ကျနော်အခု Facebook တခု လုပ်မယ်။ အဲဒီမှာ ကျနော့်ရဲ့ ဘဝတခုလုံးဆိုတဲ့ အိမ်ကြီးတော့ မဟုတ်ဘဲနဲ့ အနုပညာ ဆိုတဲ့ အခန်းလေးတခန်းပဲ ဖြစ်လိမ့်မယ်။ တခြားအကြောင်းတွေ မပါဘဲနဲ့ ကျနော့်ရဲ့ ပန်းချီ လက်ရာ၊ ကဗျာလက်ရာ၊ အတွေးလေး၊ ကာတွန်းလေး၊ ဓါတ်ပုံလေး ဖြစ်လိမ့်မယ်။ အနုပညာ သပ်သပ် အခန်းလေး တခန်းကိုတော့ ကျန်တဲ့သူတွေ ဝင်ပြီးတော့ မျှဝေခံစားနိုင်လိမ့်မယ်။ သို့သော် ကျနော့်ဘဝတခု လုံး၊ အိမ်တခုလုံး ဖော်ပြနိုင်မှာမဟုတ်ဘူး။
Facebook နာမည် ဘာဖြစ်မလဲဗျ။
၈၈ မင်းကိုနိုင်ပဲ ဖြစ်လိမ့်မယ်။ ၈၈၈၈ မင်းကိုနိုင် ဖြစ်လိမ့်မယ်။ စမ်းတော့ စမ်းကြည့်ထားပြီးပြီ။ အကုန်မတင်ရသေးဘူး။