ကချင်ပြည်နယ်အခြေအနေ အမေရိကန်တွင် ဒေါ်ဘောက်ဂျာ ရှင်းပြ

ကချင်ပြည်နယ်အခြေအနေ အမေရိကန်တွင် ဒေါ်ဘောက်ဂျာ ရှင်းပြ
by -
ကချင်သတင်းဌာန

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော NDF ပါတီ၏ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာ က နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်နှင့် ဖေဖေါ်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ က ၀ါရှိန်တန်ဒီစီတွင်တွေ့ဆုံ ခဲ့စဉ် လက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်နှင့် အခြား အခြေအနေအရပ်ရပ်ကို ရှင်းပြခဲ့့သည်။

ဖေဖေါ်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့က ၀ါရှိန်တန်ဒီစီတွင် NDF ပါတီ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် တို့ တွေ့ဆုံခဲ့စဉ်။
“သူတို့က အခုကချင်ပြည်နယ်တွင်ဖြစ်နေသော လက်ရှိအခြေအနေကို ကြားနေကြ သိနေကြတယ်။ ဒါကြောင့် ကချင်ပြည်နယ်ရဲ့အခြေအနေကိုမေးကြတယ်။ အခုလောလောဆယ် မြန်မာအစိုးရ ကိို ဘယ်လိုမြင်လဲဆိုတာကို မေးတယ်။ နို်င်ငံရေးပြောင်းလဲတယ်ဆိုပေမဲ့ နေပြည်တော်နှင့် မြို့ကြီးရန်ကုန် လောက်ပဲ။ ထူးထူးခြားမရှိဘူး။ တိုင်းရင်းသားဒေသများ မပြောင်းလဲသရွေ့တော့ နိုင်ငံရေးပြောင်းလဲတယ် ဆိုပြီးပြောနေတာက အလကားပြောနေတာပဲ။” ဟု ဖြေဆိုခဲ့သည်ကို ဒေါ်ဘောက်ဂျာက ကချင်သတင်းဌာန သို့ပြောသည်။

လက်ရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများဖြစ်နေခြင်းကြောင့် အိုးအိမ်စွန့် ထွက်ပြေးတိိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည် များလည်း အခုချိန်ထိ နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ မရရှိသေးကြောင်း၊ သမ္မတဦးသိန်းစိန်က တနိုင်ငံလုံးထိုးစစ် ရပ်တန့်ရန် ညွှန်ကြားခဲ့ပေမဲ့ ယခုချိန်ထိ တိုက်ပွဲ များဖြစ်နေဆဲ။ ထိုသို့တိုက်ပွဲများမရပ်မ ချင်း မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲဖို့လွယ်မည် မဟုတ်ကြောင်းကို သူမတင်ပြခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရ၏ နိုင်ငံရေးမသင်္ကာမှုနှင့် အဖမ်းခံရသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူပြည်သားများကို လွှတ်ပေးရန်နှင့် အစိုးရစစ်သားများ ကချင်အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းပြုကျင့်မှုများနှင့် အခြားလူ့အခွင့် အရေး ချိုးဖောက်မှုအမျိုးမျိုး ရပ်တန့်သွားရေးအတွက် အမေရိကန်အစိုးရမှတာဝန်ယူ ကူညီပေးရန်လိုအပ် ကြောင်းကိုလည်း သူမ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ဒေါ်ဘောက်ဂျာသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (National Democratic Force) ကိုယ်စားပြု ဖားကန့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အတွက် ယှဉ်ပြိုင်ခဲ့သည်။

ထို့အပြင် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္မဏီမှ ဒေသခံပြည်သူလူထု၏နယ်မြေ မတရားသိမ်းပိုက်ခံရမှုအား ပြည်သူများ ဘက်မှရပ်တည်ကာ တရားရုံးတွင်ဦးတိုက်ရှောက်ထားရာတွင် ဦးဆောင်ပေးခဲ့ခြင်းကြောင့် ၂၀၁၁ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် ပြည်ပမှ ကချင်အမျိုးသားများ ချီးမြှင့်သည့် “The Kachin Civilian Defender” ဆုကို သူမ ရရှိသည်။

ဒေါ်ဘောက်ဂျာ နှင့်အတူ လူရွှင်တော် ဇာဂနာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့်တို့  ၃ ဦးသည် အမေရိကန်အခြေစိုက် (National Endowment for Democracy, NED) အဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ထိုသို့ အမေရိကန် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် တိုင်းရင်းသားအရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

အမေရိကန်အစိုးရမှလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုကို အနီးကပ်စောင့်ကြည့်နေပြီး ၎င်း လုပ်ဆောင်ခြင်း တိုးတက်မှုပေါ်အခြေခံ၍ ငွေကြေးအကူအညီနှင့် ပညာရေးကဏ္ဍတွင် ကူညီပေးရန်စီစဉ်နေကြောင်းကို ၎င်းတို့အားပြောဆိုခဲ့သည်ဟု ဒေါ်ဘောက်ဂျာ ပြောသည်။

Most read this week