လာမယ့်မတ်လထဲမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP နဲ့ အစိုးရကိုယ်စားလှယ်တို့ဟာဆက် လက်တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားကြပြီး အဓိက အပစ်ခတ်ရပ်စဲရေးကိစ္စကို ဦးစားပေးဆွေးနွေး ကြမယ်လို့ သိရပါတယ်။
“ဦးအောင်မင်းဖက်က ပြောတာလည်း ရှိပါတယ်။ တချို့့သော နိုင်ငံရေး ကိစ္စတွေကို ကျနော်တို့ အချိန်ပေး လာတဲ့ အခါကျမှပဲ ကျနော်တို့ ဆွေးနွေးကြမှာပေါ့။ ကျနော်တို့ဖက်ကလည်း ဒီအချိန်မှာဒါတွေဆွေးနွေး နေရင်လည်း အချိန်ကုန်တာပဲ ရှိတယ်။ ဒီတခေါက် လွိုင်ကော်ကို သွားရင် အဓိကကတော့ အသေးစိတ် အပစ်အခတ်ရပ်စဲရေးကိစ္စကိုပဲ ဦးတည်ပြီးတော့ ကျနော်တို့ ဆွေးနွေးပဲ။ အထူးသဖြင့် သူတို့ဖက်ကတော့ လက်မှတ်ထိုးဖို့ကိုတော့ ပြောထားတယ်။ ထိုးလည်း ထိုးဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်”
အစိုးရကိုယ်စားလှယ်တွေနဲ့ ပဏာမအဆင့်တွေ့ဆုံပြီးတဲ့နောက်မှာ KNPP အတွင်းရေးမှူး -၁ ခူဦးရယ်က ယခုလိုပြောပြသွားတာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ပဏာမတွေ့ဆုံပွဲမှာ KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ KNPP အတွင်းရေးမှူး -၁ ခူဦးရယ်(အဖွဲ့ခေါင်းဆောင်)၊ အတွင်းရေးမှူး -၂ ဆရာအောင်ဆန်းမြင့်၊ KNPP အရံဗဟိုကော်မီဝင် ဆရာ ပလုရယ်နဲ့ ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးတို့ဖြစ်ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း(အဖွဲ့ခေါင်းဆောင်) အကျိုးတော်ဆောင်များ ဖြစ်တဲ့ ဦးကိုကိုမောင်၊ ဦးစိန်ကြည်၊ Egress မှ ပညာရှင်များဖြစ်တဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန့်၊ ဦးဝေယံမုံးသုံသန်းနဲ့ ဦးဆန်နီညွှန့်သိန်း တို့ပါ၀င်ခဲ့ကြပါတယ်။
ပဏာမတွေ့ဆုံပွဲမှာ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ရန်၊ အပြန်အလှန် ဆက်ဆံရေး အဖွဲ့ ထားရှိပြီး ဆက်သွယ်ရေးရုံး ဖွင့်လှစ်ထားရှိရန်၊ လက်နက် မပါဘဲ နယ်မြေ ဖြတ်ကျော်ခွင့်အပြင် ဗဟိုအစိုးရနှင့် ဆွေးနွေးရန်၊ အချိန်နှင့် တွေ့ဆုံမည့်နေရာ သတ်မှတ်ရန်စတဲ့ အချက် ၄ချက်ကို အစိုးရ ကိုယ်စားလှယ်ဖက်က တင်ပြထားပါတယ်။
KNPP နဲ့ စစ်အစိုးရတို့ အကြားမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး နဝတ၊ နအဖ စစ်အစိုးရတို့တာဝန် ယူခဲ့စဉ် ကာလများက တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့တဲ့ အတွက် တိုက်ပွဲတွေယနေ့ထိ ဆက်လက်ဖြစ်ပွားနေကြပါတယ်။