ရခိုင်တွင် NLD ရုံးများ စတင်ဖွင့်လှစ်

ရခိုင်တွင် NLD ရုံးများ စတင်ဖွင့်လှစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ်ရုံးများကို စတင် ဖွင့်လှစ်နေရာ မာန်အောင်မြို့၌ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သတင်း ရရှိသည်။

Man AungNLD မာန်အောင်မြို့နယ်ရုံးကို အဖွဲ့ချုပ် ဒု ဥက္ကဌ နေအိမ်တွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်ဟု မြို့နယ်အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးမောင်မောင်က နိရဥ္စရာသို့ ပြောသည်။

" မြို့သစ်ရပ်ကွက် က ကျွန်တော့်အိမ်မှာဘဲ ဆိုင်းဘုတ်တင်ပွဲနဲ့ အတူ မြို့နယ်ရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။ မနက် ၈ နာရီခွဲမှာ ဖွင့်လှစ်ပါတယ်။ ပြည်သူတွေက တခဲနက် တက်ရောက် အားပေးကြပါတယ်။" ဟု ပြောသည်။

ဒေသခံများ အပြောအရ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ လူပေါင်း ၈၀၀ ကျော် တက်ရောက် ခဲ့သည်ဟု ဆိုသည်။

မာန်အောင်မြို့နယ်တွင် ယခင်က အဖွဲ့ချုပ် အဖွဲ့ဝင်ပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ ပါတီဝင် သစ်များ ကို ပြန်လည် ဖိတ်ခေါ်ရန် အစီအစဉ်များ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ဦးမောင်မောင်က ပြောသည်။

မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လက်ရှိ အနေအထားနှင့် ပတ်သက်ပြီး ဒု ဥက္ကဌ ဦးမောင်မောင်က ယခုလို ပြောသည်။

" မြို့နယ် ရုံးကို ဖွင့်ရတဲ့ ရည်ရွယ်ချက်ကိုက NLD ပါတီကို လူတွေ ထောက်ခံမူ ရှိနေတဲ့ အတွက် ဖြစ်ပါ တယ်။ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ဖို့ရယ်၊ ပြည်သူတွေနဲ့ ဆက်သွယ်နိုင်ဖို့ရယ်၊ ပြည်သူ တွေရဲ့အခက် အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ရယ် ရည်ရွယ်ပြီးတော့ ရုံးကို ဖွင့်လှစ်တာ ဖြစ်ပါတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို အခုအချိန်က စပြီး ဆက်လက် သယ်ပိုး လုပ်ဆောင်သွားနိုင်တော့မှာ ဖြစ်ပါတယ်။"

မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထားပုံနှင့် ပတ်သက်ပြီး သူက ယခုကဲ့သို့ ပြော သည်။

"ကျွန်တော်တို့ မြို့နယ်မှာက ပြည်နယ်စီး အဖွဲ့ဝင်တွေ ရှိသလို မြို့နယ်စီးဆိုတာလည်း ရှိပါတယ်။ ပြည် နယ်စီးမှာ နှစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့မြို့နယ်က ပြည်နယ်စီးမှာ ဦးသိန်းမောင်နှင့် ကျွန်တော်က အဖွဲ့ဝင်ပါ။ မြို့နယ်စီးကတော့ ၂၁ ဦး အဖွဲ့ဝင်တွေ ရှိပါတယ်။ ဦးသိန်းမောင်က ပြည်နယ် ဗဟိုဦးစီးအဖွဲ့ ၀င် ဖြစ်ပါတယ်။ မြို့နယ် ဥက္ကဌ အဖြစ် ဦးရွှေအောင်၊ ဒု ဥက္ကဌများဖြစ်တဲ့ ကျွန်တော် ဦးမောင်မောင်၊ ဦးစိန်သောင်း၊ အတွင်းရေးမှူးအဖြစ် ဦးသန်းငွေတို့ ဖြစ်ကြပါတယ်" ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ကြံဖွံ့ပါတီနှင့် တစည ပါတီရုံးများ ဖွင့်လှစ်ထားရှိပြီဖြစ်ကြောင်း သိရှိရသည်။

Most read this week