ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။
လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။
“New Way က ဒီမနက်မှ ပြကြတာ။ တာဝန်ရှိတဲ့လူတွေ လာညှိတာ ဘာမှ ထူးခြားမှု မရှိသေးဘူး။ မနက်ဖြန် သူတို့ ဆက်ပြီး တောင်းဆိုကြဦးမယ် ပြောတယ်။ တိုင်ရီကလည်း မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်ကြဦးမယ်တဲ့။ လူတွေကတော့ တော်တော်များတယ်” ဟု အလုပ်သမားများအရေး ကူညီဆောင် ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ က မဇ္စျိမကို ပြောသည်။
New Way စက်ရုံအလုပ်သမားများက အခြေခံလစာ နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေးများ တိုးမြှင့်ပေးရန်၊ အလုပ်ပျက် ရက် တရက်ကို ၄,ဝဝဝ ကျပ် ဖြတ်တောက်ခြင်းအား ရုပ်သိမ်းပေးရန်နှင့် ကျန်းမာရေးအရ ရှောင်တခင် ဆေးခွင့်ပေးဖို့ အပါအဝင် စုစုပေါင်း အချက် ၁ဝ ချက် တင်ပြတောင်းဆိုခဲ့ကြသည်။
မနက် ရ နာရီမှ မွန်းလွဲပိုင်း ၂ နာရီခွဲထိ ဆန္ဒထုတ်ဖေါ်နေကြသည့် စက်ရုံအလုပ်သမားများကို စက်ရုံ တာဝန် ရှိသူများနှင့် ရန်ကုန်တိုင်းနှင့် လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးသော်လည်း ကြေလည်မှုမရရှိသေးဘဲ ဆန္ဒပြပွဲ ရက်ဆက်ဦးမည့် အနေအထားသို့ ရောက်ရှိ သွားသည်။
တနင်္လာနေ့က စတင်ဆန္ဒပြခဲ့သည့် တိုင်ရီစက်ရုံအလုပ်သမားများကို စက်ရုံတာဝန်ရှိသူများက တနာရီကို ကျပ်တဆယ် တိုးမြှင့်ပေးထားသလို အချိန်ပိုကြေးကိုလည်း ၂၁ ကျပ် တိုးမြှင့်ပေးကြောင်း၊ ထိုနှုန်းဖြင့် လုပ်ကိုင်နိုင်သူများ ၁၁၊ ၂၊ ၂ဝ၁၂ ရက်နေ့တွင် အလုပ်ပြန်ဆင်းနိုင်ပြီး မလုပ်နိုင်သူများကို ယင်းနေ့မှစ၍ မိမိသဘောဖြင့် အလုပ်ထွက်သည်ဟု စက်ရုံက သတ်မှတ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။
တိုင်ရီစက်ရုံ အလုပ်သမားများကို မူလက ၁ နာရီလျင် ရ၅ ကျပ်၊ အချိန်ပိုကြေးကို တနာရီလျင် ၁၆၂ ကျပ်နှုန်းဖြင့် ပေးချေပြီး အလုပ်တရက်ပျက်လျှင် ကျပ် ၄,ဝဝဝ နှုန်း ဖြတ်ကြောင်း သိရသည်။
တိုင်ရီစက်ရုံ တာဝန်ရှိသူ တဦးက “ဒီဘက်က တိုးပေးနိုင်သလောက်ထိ လုပ်ပေးပြီးပါပြီ။ မလုပ်နိုင်တဲ့ လူတွေ အတွက်တော့ သူတို့လစာ လာထုတ်သွားရုံပဲ ရှိတော့တယ်။ သူတို့ တောင်းဆိုပုံအတိုင်းဆို ကျနော်တို့က တယောက် ကို အသားတင် ၄ သောင်းလောက်ထိ တိုးပေးရမှာ။ လူက နှစ်ထောင်ကျော် တောင်။ မတက်နိုင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
စက်ရုံအလုပ်သမားများက အခြေခံ လစာ ၅ သောင်းမှ စပေးရန်၊ ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင် အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်းမပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အိမ်သာ လွတ်လပ်စွာ တက်ခွင့်ရရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။
တိုင်ရီစက်ရုံမှ အလုပ်သမတဦးဖြစ်သူ မဝင်းမာ က “ကျမတို့ ရတဲ့ လစာနဲ့က ကျမတို့က ဒီမှာ အဒေါ်အိမ်မှာ အလကား ကပ်နေတာတောင် မလောက်ဘူး။ ခရီးစရိတ်လည်း ရှိသေးတယ်။ တချို့ဆိုရင် နယ်ကတက် လာပြီး အိမ်ငှားနေတဲ့ လူတွေက များတယ်။ သူတို့ဆို ဘာမှမကျန်ဘူး အကြွေးတောင် တင်သေး တယ်” ဟု သူက မဇ္စျိမကို ပြောသည်။
တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်ကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြံုတွေ့ခဲ့ရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မဇ္စျိမကို ပြောသည်။
ဆန္ဒပြအလုပ်သမားများအပေါ် တင်းကြပ်ထားသည့် မလိုအပ်သည့် စည်းကမ်းများ၊ အလုပ်သမားများ၏ ထိုက်တန် သည့် ရပိုင်ခွင့်များကို ရရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တောင်သူလယ် သမားအရေး၊ အလုပ်သမားအရေးနှင့် ကလေးအခွင့်အရေး ဆောင်ရွက်နေသူ မစုစုနွေးနှင့် ဥပဒေရေးရာ ရှေ့နေ ကိုဖိုးဖြူတို့က သောကြာနေ့တွင် အလုပ်သမား ရေးရာဌာန၊ စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။
ပြေလည်မှု မရရှိပါက ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာယကံရှင် များက ပြောသည်။ တရာဥပဒေအရ ရှေ့နေများနှင့်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။