ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြင်ပ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူ များ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်သည်။
(ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးကိုကို နှင့် အင်တာဗျူး)
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြင်ပ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူ များ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတရန်အတွက် ကော်မရှင်၏ ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲ ဥပဒေများ၊ ပြည်ပ နိုင်ငံများမှ လေ့လာသူများ လာရောက်ကြည့်ရှုရန် လိုလားနေခြင်းများအပေါ် ၎င်း၏အမြင်၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ပြန်လည်သုံးသပ်ချက် စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးကိုကို (အငြိမ်းစား ဗိုလ်မှူးကြီး)အား မေးမြန်းထားခြင်း ဖြစ်သည်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားမျှတဖို့၊ ဒါမှမဟုတ် လွတ်လပ်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားပါ သလဲ။
“ရန်ကုန်တိုင်း အနေနဲ့ပဲ ကျနော်ပြောချင်ပါတယ်။ ရန်ကုန်တိုင်းထဲက ကြားဖြတ်ရွေးကောက်ပွဲ ခြောက်နေရာမှာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အားလုံးနဲ့ ခြောက်နေရာလုံးကို ကျနော် သွားပြီးတော့ ထိတွေ့ပါတယ်။ ကျနော် ရောက်ပြီးပါပြီ။ တကယ့် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ရမှာ၊ နိုင်ငံရေး ပါတီတွေနဲ့ တကယ် ထိတွေ့ရမှာ ရပ်/ကျေး ကော်မရှင်တွေ ဖြစ်ပါတယ်။ သူတို့ လုပ်တာကိုင်တာ မှန်ရင် ဒီရွေးကောက်ပွဲဟာ တရားမျှတ မယ်။ သူတို့လုပ်တာ ကိုင်တာ မှားရင် ကျနော်တို့ ရွေးကောက်ပွဲဟာ အပြစ်အပြောခံရမယ်။ ဒါ့ကြောင့် သူတို့ လုပ်တတ်ကိုင်တတ်အောင် ကျနော်သွားပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သင်ခန်းစာတွေနဲ့ ယှဉ်ပြီးတော့မှ ခြောက်မြို့နယ်လုံးက ရပ်ကျေးတွေကို ကျနော် တွေ့ဆုံဆွေးနွေးပြီးပါပြီ။ မြို့နယ်ကော်မရှင်က အဖွဲ့ခွဲတွေကိုလည်း ကျနော် တွေ့ပြီးပါပြီ”
ရွေးကောက်ပွဲတခုအတွက် လွတ်လပ်ဖို့ တရားမျှတဖို့ လိုအပ်တဲ့ အဓိကအချက်တွေက ဘာတွေဖြစ်မလဲ။
“အဓိက ကတော့ Free & Fair ဆိုတာကတော့ အကြောင်းရင်း နှစ်ခုအပေါ်မှာ မူတည်ပါတယ်။ ဘက်လိုက်ရင်တော့ Free & Fair ဖြစ်မှာမဟုတ်ဘူး။ နောက်တခုက လုပ်ငန်း မကျွမ်းကျင်ရင်လည်း Free & Fair ဖြစ်မှာမဟုတ်ဘူး။ ဘက်လိုက်တာနဲ့ လုပ်ငန်းမကျွမ်းကျင်ရင် Free & Fair မဖြစ်ဘူး။ အဲဒီအကြောင်းရင်း နှစ်ခုကို ဖယ်လိုက်နိုင်ရင်တော့ Free & Fair ဖြစ်ပြီပေါ့။ အဲဒီနှစ်ခုကို ဖယ်ဖို့ မဲဆန္ဒနယ် ၆ ခုက ရပ်/ကျေးတွေနဲ့ ကျနော်တွေ့ပြီးဖြစ်ပါတယ်”
၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲရုံမှူးတွေရဲ့ ဘက်လိုက်မှုတွေ၊ မဲရေတွက်တာ မသေသပ်မှုတွေကိုလည်း ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့တယ်။ အခုတခေါက်မှာကော သူတို့ရဲ့ လုပ်ဆောင်ချက်တွေက မဲဆန္ဒရှင်တွေအတွက် ယုံကြည်စိတ်ချ ရနိုင်ပါ့မလား။
“စိတ်ချ ယုံကြည်မှုကတော့ တဦးတယောက်ချင်းရဲ့ စိတ်ဓတ်ကိုတော့ ကျနော်တို့ မသိနိုင်ဘူးပေါ့လေ။ သို့သော်လည်း သူတို့ကို လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုရှိအောင်တော့ ကျနော်တို့က သင်တန်းတွေ သေသေချာချာ ပေးပါတယ်။ မဲရုံထဲမှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းပိုင်းဆိုင်ရာတွေကို မဲလက်မှတ်တွေကို ဘယ်လိုစိစစ်မယ်၊ မဲလက်မှတ် တွေကို ဘယ်လိုထုတ်ပေးမယ်၊ မဲဆန္ဒရှင်တွေကို ဘယ်လို စစ်ဆေးမယ်၊ ဘယ်လိုဟာက ပယ်မဲဖြစ်တယ်။ အဲဒါတွေကို ကျနော်တို့ သင်တန်းပေးထားပါတယ်”
ဒါကတော့ အရည်အသွေးပိုင်းပေါ့၊ နောက် ဝေဖန်မှုတွေရှိခဲ့တဲ့ အချက်အပေါ်မှာကော။
“၂ဝ၁ဝ တုန်းက နာမည်ပျက် အပုပ်နံ့ထွက်ခဲ့တဲ့ ပညာရေး ဝန်ထမ်းဟောင်း တချို့လည်း ရှိခဲ့ပါတယ်။ အဲဒီလူတွေကိုတော့ ကျနော်တို့ ပြန်မသုံးပါဘူး။ အဲဒီတော့ လုပ်ငန်းပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က စိတ်ချ ယုံကြည်မှု ရှိပါတယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံအကူတွေလည်း ရှိပါမယ်”
မဲမသမာမှုတွေ အတွက်ကျတော့ကော ကော်မရှင်အနေနဲ့ ဘယ်လို တားဆီးသွားမလဲ။
“ဒါတွေကတော့ ရှိနိုင်တာပါပဲ။ ပါတီတွေက နိုင်ချင်ကြတယ်ဆိုတော့ လုပ်ကြမှာပါပဲ။ မဲဝယ်တာမျိုးကတော့
ကော်မရှင်က အဲဒီအဖြစ်မျိုးမရောက်အောင် ကော်မရှင်က တတ်နိုင်သလောက် လုပ်ပါမယ်။ ကျန်တဲ့ အပိုင်းကတော့ ကျနော်တို့ လက်လှမ်းမမီတဲ့ ဒေသတွေမှာဖြစ်ရင်တော့ ကျနော်တို့ မတတ်နိုင်ဘူးပေါ့လေ”
မဲဆွယ်စည်းရုံးတဲ့နေရာမှာ ကိုယ်စားလှယ်တယောက်ဟာ သိန်း ၁ဝဝ ပဲ သုံးခွင့်ရှိတယ်လို့ သိထားပါတယ်။ ၂ဝ၁ဝ တုန်းက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေဟာ အစိုရဌာန အသီးသီးရဲ့ ဝန်ထမ်းဟောင်းတွေ ဝင်ပြိုင် တာများပြီး မဲဆွယ်စည်းရုံးရာမှာလည်း သတ်မှတ်ငွေထက် ကျော်လွန်တယ်လို့ ဝေဖန်ကြပါတယ်။ ဒါတွေကို ကော်မရှင်အနေနဲ့ ဘယ်လို ဖြေရှင်းခဲ့ပါသလဲ။
“ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာလည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာ ကျနော်တို့တွေ့ပါတယ်။ အဲဒါတွေကို ကျနော်တို့ တတ်နိုင်သလောက် ဖယ်ရှားနိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ဥပဒေအတိုင်း ဖြစ်အောင် တော်တော်ကြီး ဆန့်ကျင်ပြီး လုပ်ခဲ့ရတာတွေလည်း ရှိပါတယ်။ အဲဒီလုပ်ရပ်နဲ့ ပတ်သက်လို့ တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့ကို ဟန့်တားခြင်းတော့ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာတော့ ကျနော်တို့ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် လှုပ်ရှားခဲ့ပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း ဒေသကြီးတခုတည်းအနေနဲ့ကတော့ ကျနော်တို့ လုပ်ခဲ့တာပါ။ လုပ်လည်း လုပ်နိုင်ခဲ့တယ်”
ကြိုတင်မဲ ကိစ္စတွေကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တော်တော်လေး ဝေဖန်တာတွေရှိခဲ့ပါတယ်။
“ပြီးခဲ့တဲ့ဟာကိုတော့ ကျနော်တို့ ဘာမှ ပြန်မပြောတော့ပါဘူး။ ကော်မရှင် ဥက္ကဋ္ဌကြီးကလည်း ပြီးခဲ့တာတွေ ပြီးသွားပြီ၊ ရှေ့ဆက် ကောင်းအောင်လုပ်မယ်လို့ ပြောထားတာ ရှိပါတယ်။ အခုလည်း ကြိုတင်မဲ ရှိပါဦးမယ်။ အဲဒီကြိုတင်မဲတွေ ကိုတော့ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ ဒီလုပ်ငန်းကို သူက ဆောင်ရွက်ပါမယ်”
ကြိုတင်မဲ ပေးပိုင်ခွင့်ရှိတဲ့ နာမကျန်းသူတွေ၊ နယ်ဝေးခရီးထွက်မယ့်သူတွေဟာ ရွာတရွာမှာ လူတရာရှိရင် ၅ဝ လောက်က ကြိုတင်မဲဖြစ်နေတဲ့ အခြေအနေ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့ ဝေဖန်ပါတယ်။ ဒီဟာက ဖြစ်နိုင်ခြေရှိရဲ့လား။
“အဲဒီဟာတွေကတော့ ကျနော်တို့ ရပ်ကွက်ကော်မရှင်အနေနဲ့ လုပ်လို့ရပါတယ်။ ဘယ်သူတွေ လိမ်နေတယ်၊ ဘယ်သူ တွေ လိမ်မနေဘူးဆိုတာ သိသာတဲ့ အချက်တချက် ဖြစ်ပါတယ်။ အားလုံးက သိနေပါတယ်။ ကော်မရှင်အနေနဲ့ ကတော့ စိစစ်ပါမယ်။ တကယ်မလာနိုင်တဲ့လူတွေ အဲဒီလောက် များနေတယ်ဆိုရင်လည်း မှန်တယ်ဆိုရင်တော့ သူတို့ကို ကျနော်တို့က ကြိုတင်မဲပေးခွင့်ရအောင် ကျနော်တို့ လုပ်ပေးရမယ်”
“ရပ်/ကျေး ကြိုတင်မဲဆိုတာကတော့ သိပ်ပြီးတော့ များများစားစား ရှိစရာတော့ အကြောင်းမရှိဘူး။ အခု ဒီတခါတော့ ရပ်/ကျေးကြိုတင်မဲ တောင်းခံလာတဲ့ ပုဂ္ဂိုလ်တွေကို ကြိုတင်မဲ ပေးခွင့်ရှိတဲ့လူ ဟုတ်/မဟုတ်ဆိုတာ မြို့နယ် ကော်မရှင် တွေကနေပြီးတော့ ထိန်းချုပ်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”
“နောက်တခုက ရပ်/ကျေးကော်မရှင်ကို ကြိုတင်မဲပြားတွေ ရက်တွေ အများကြီး ကြိုပြီးတော့ ထုတ်မပေးတော့ပါဘူး။ ကြိုတင်မဲတွေကို သတ်မှတ်တဲ့ အချိန်အတွင်းမှာပဲ ထုတ်ပေးသွားမှာပါ။ အချိန် အစောကြီး ကြိုပြီးတော့ ဒီမဲပြားတွေကို ထုတ်မပေးတော့ဘူး။ အဲဒီနည်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ထိန်းချုပ်ထားပါမယ်”
ရွေးကောက်ပွဲဥပဒေရဲ့ အားနည်းချက်တွေကြောင့် ဒီလို မသမာမှုတွေ ဖြစ်လာတာလို့ သုံးသပ်လို့ကော မရနိုင်ဘူးလား။
“အခု တိုင်တန်းတဲ့ ကိစ္စတွေက ဖြစ်လို့သာ ဖြစ်သွားတာပါ။ ဥပဒေတွေ ပြဋ္ဌာန်းထားတာက အားလုံးကတော့ အကွက်စေ့ပါတယ်။ အဲဒီအတိုင်း လုပ်သွားဖို့ကိစ္စတွေကို သင်တန်းတွေမှာ ကျနော်တို့ သေသေချာချာ ပို့ချထားပါ တယ်။ ရပ်/ကျေးတွေကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေက ကြပ်မတ်ဖို့၊ မြို့နယ်တွေကို ခရိုင်ကနေ ကြပ်မတ်ဖို့ အဲဒါတွေ ကျနော်တို့ လုပ်ထားပါတယ်”
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲရေတွက်မှု ပုံသဏ္ဍန်ကိုလည်း ရှင်းပြပေးပါ။
“မဲရုံ အဖွဲ့ဝင်တွေရယ်၊ ကော်မရှင် အဖွဲ့တွေရယ် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရယ် မဲရုံတွေမှာ ရှိခွင့် ရှိပါတယ်။ အဲဒီလူတွေနဲ့ မဲဆန္ဒပေးသော မဲဆန္ဒရှင်များပေါ့။ မဲရုံမှူးတွေက မဲရုံပိတ်လိုက်တဲ့အခါမှာ ကျနော်တို့အနေနဲ့ကတော့ လက်ကျန်ဖြတ်ပိုင်းနဲ့ မဲပုံးထဲမှာ ပေးလိုက်တဲ့ မဲအရေအတွက် ကိုက်ညီမှုရှိမရှိ ပထမဆုံး စစ်ပါမယ်။ အဲဒီလိုမျိုးစစ်လို့ လက်ကျန် ဖြတ်ပိုင်းထက် မဲပုံးထဲက မဲတွေက များနေတယ်ဆိုရင်တော့ မသမာမှု တခုခု ရှိပြီပေါ့။ အဲဒီလို စစ်ဆေးဖို့ ရှိပါတယ်”
“မဲတွေ ရေတွက်တဲ့အချိန်မှာ ကော်မရှင်ချည်းပဲ ရေတွက်လို့မရပါဘူး။ အနည်းဆုံး မဲဆန္ဒရှင် ၁ဝ ယောက် မဲရေတွက်တဲ့ နေရာမှာ ရှိနေရမှာ ဖြစ်ပါတယ်။ မဲရုံမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တွေရဲ့ မဲရုံ အကူတွေလည်းရှိရမယ်။ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲလည်းရှိမယ် အားလုံးရဲ့ရှေ့မှာ မဲတွေကို ကျနော်တို့ ရေတွက် မှာပါ။ ဒီမဲရုံမှာ မဲဘယ်လောက်ရတယ်ဆိုတာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်း တွေရဲ့ ရှေ့မှာ ရရှိတဲ့ မဲ အရေအတွက်ကို ဖေါင်ဖြည့်ရမှာပါ။ အဲဒီဖေါင်မှာ မဲရုံမှူးကလည်း မှန်ကန်ကြောင်း လက်မှတ်ထိုးရမယ် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲကလည်း လက်မှတ်ထိုးမယ်။ အဲဒီအပြင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံ အကူတွေ ကလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ရှေ့မှာပဲ မဲပေးတယ်၊ သူတို့ရှေ့မှာပဲ မဲကို ရေတွက်တယ်၊ ရရှိတဲ့ ကိန်းဂဏန်းကိုလည်း ကျနော်တို့က ပုံစံထဲကို ထည့်မယ်။ အဲဒီနည်းနဲ့ မဲရုံက မဲတွေသည် မှန်ကန်တဲ့ မဲတွေ ဖြစ်တယ်၊ ယုံကြည်စိတ်ချရတဲ့ မဲတွေဖြစ်တယ်ဆိုတာ ကျနော်တို့ လုပ်ထားပါတယ်”
လွတ်လပ်ပြီး တရားမျှတတယ် ဆိုတာကို သက်သေပြဖို့ နိုင်ငံတကာက လေ့လာလိုသူတွေကိုကော ဝင်ခွင့်ပြုနိုင်မလား။
“ဒါကတော့ ကျနော့် တယောက်တည်းအနေနဲ့ ပြောရရင်တော့ ကန့်ကွက်စရာ မရှိပါဘူး။ သူတို့ လာကြည့်လည်း ကျနော်တို့က ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်သွားမှာပါ။ သူတို့ လာမကြည့်လည်း ဒီအတိုင်းပဲ လုပ်သွားမှာပါ။ သို့သော် လာကြည့်မယ်ဆိုရင်တော့ ကျနော်တို့အတွက်လည်း ကောင်းပါတယ်။ ကျနော်တို့ လုပ်နေတာ ဘာလုပ်နေ တယ် ဆိုတာ ကမ္ဘာက သိမြင်သွားတာပေါ့။ ကျနော့်အမြင်ကတော့ လာမယ်ဆိုရင်လည်း ကြိုက်ပါတယ်။ ကြိုဆိုပါ တယ်။ ကျနော့် တယောက်တည်း အမြင် ပြောတာပါ။ လာကြည့်ပါ ကျနော်တို့ လုပ်နေတဲ့ ဥစ္စာ ကောင်းကောင်းမွန်မွန် လုပ်နေတယ်၊ ဘယ်လောက်ကြိုးစားပြီးလုပ် နေတယ်၊ တရားသဖြင့် လုပ်နေတယ် ကြည့်စေချင်ပါတယ်”
“ဒါပေမယ့် ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်တယ်ဆိုတဲ့ စကားလည်း ရှိသေးတာပဲ။ ဆွမ်းဆံထဲ ကြွက်ချေးရော တဲ့ သဘောပေါ့။ ကျနော်တို့က ဘယ်လောက်ကောင်းအောင် လုပ်လုပ် ၁ဝဝ ရာခိုင်နှုန်းတော့ လည်း ရချင်မှ ရမယ်ပေါ့။ အဲဒါမျိုးတွေကတော့ ရှိချင်ရှိနိုင်တယ်။ အဲဒါမျိုးတွေရှိရင်တော့ တရားဥပဒေအရ ကျနော်တို့က လုပ်သွားမှာပါ။ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် စုန်းပြူးလေးတွေကတော့ ရှိတတ်ပါတယ်။ အဲဒါကိုလည်း လာကြည့်သူတွေ အနေနဲ့ နားလည်ပေးထားဖို့ ဒါတွေကတော့ လိုမှာပါ”
နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါ။
“တခုပဲ ဖြည့်ပြောချင်တာက အားလုံးက ကျနော်တို့ကော်မရှင်ကို Free & Fair ဖြစ်ဖို့ ကျနော်တို့ကို တိုက်တွန်းနေကြ တာ ရှိတယ်။ ကော်မရှင်အနေနဲ့တော့ Free & Fair ဖြစ်အောင် လုပ်မှာပါ။ အဲဒီလို လုပ်တဲ့နေရာမှာ ကျနော်တို့သည် မည်သူ၏ တိုက်တွန်းမှုကြောင့်မှ မဟုတ်ပါဘူး။ မည်သူ၏ Pressure ကြောင့်မှလည်း မဟုတ်ပါဘူး။ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်က လွတ်လပ်၍တရားမျှတ သော ရွေးကောက်ပွဲများ ကျင်းပပေးရေး ဖြစ်ပါတယ်။ ဒါကြောင့် Free & Fair ဖြစ်အောင် လုပ်ခြင်းဟာ ဥပဒေက အပ်နှင်းထားတဲ့ တာဝန်ဖြစ်ပါတယ်”