ပါတီ မှတ်ပုံတင်သော်လည်း အမျိုးသား ညီညွှတ်ရေးကို ထိခိုက်မည် မဟုတ်ဟု ALD ပြော

ပါတီ မှတ်ပုံတင်သော်လည်း အမျိုးသား ညီညွှတ်ရေးကို ထိခိုက်မည် မဟုတ်ဟု ALD ပြော
by -
နိရဥ္စရာ

ပါတီ ပြန်လည် မှတ်ပုံတင်သော်လည်း အမျိုးသား စည်းလုံး ညီညွှတ်ရေးကို ထိခိုက်မည် မဟုတ်ကြောင်း ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Arakan-League-For-Democracyရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် ပါတီမှတ်ပုံ တင်ခြင်းကြောင့် ရခိုင်အမျိုးသားများ အကြား ညီညွှတ်ရေး ကို ထိခိုက် ပျက်ပြား စေနိုင်သည်ဆိုသော ယူဆချက်များ ရခိုင်အမျိုးသားများ အကြားတွင် ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က နိရဥ္စရာ သတင်းဌာနသို့ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

" ပါတီ မှတ်ပုံတင်ပြီးတဲ့နောက် ရခိုင် ပြည်နယ် အတွင််းမှာလည်း ညီညွတ်ရေးကို တည်ဆောက်ရေး အတွက် ဆက်လက် ကြိုးစား ဆောင်ရွက်သွားမယ်။ ဘကြီးတို့ ပါတီ အနေနဲ့ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီနဲ့ လည်း ဆွေးနွေးသွားပါမယ်။ ဆွေးနွေးတဲ့ အခါမှ ဘယ်လိုနည်းနဲ့ ပူးပေါင်း နိုင်မယ်။ ဘယ်လိုပုံစံနဲ့ အမျိုးသားရေး အကျိုး အတွက် လက်တွဲ ဆောင်ရွက်နိုင်မလဲ ဆိုတာကို သိကြရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆွေးနွေးပြီးတဲ့အခါမှ အဖြေ ရလဒ်ဟာ ပေါ်လာမယ်။ ဘကြီးတို့ကလည်းရခိုင် အမျိုးသားရေးအတွက် လုပ်နေတဲ့ ပါတီ ဖြစ်တဲ့ အတွက် အများ စိုးရိမ် နေသလို အမျိုးသား စည်းလုံးမူ ပြိုကွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု ဦးအေးသာအောင်က ပြောသည်။

၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်အများဆုံး အနိုင်ရ ခဲ့ပြီး ၂၀၁၀ ရွှေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အမတ်အများဆုံးအနိုင်ရ ရှိခဲ့သည်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ပါတီကို ပြန်လည် မှတ်ပုံပြီး ရွှေးကောက်ပွဲ မဝင်ခဲ့သဖြင့် ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တစ်ခုတည်းသာ ရခိုင်လူထုကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ပြိုင်ဘက် ကြ့ံခိုင်ရေး ပါတီကိို အနိုင်ရရှိခဲ့သည်။

ယခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်ပါက ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်တွင် ပါတီကြီး (၂) ခု ပေါ်ပေါက်လာကာ ရခိုင်အမျိုးသားများ အကြား စည်းလုံး ညီညွှတ်မူ ပြိုကွဲ၍ မဲများကွဲသွားနိုင်ပြီး ရခိုင်တွင် ဒုတိယ အင်အား အကြီးဆုံးပါတီ ဖြစ်သော ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိသွားနိုင်သည်ဟု အများက သုံးသပ် တွက်ချက်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် မှတ်ပုံတင်မည်ကို ဆန့်ကျင်နေကြသည်ဟု သိရသည်။

" ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ အခုချိန်တော့ တရားဝင်ကမ်းလှမ်းတာတွေ တော့ မရှိသေး ဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ပြောတာ၊ ဆိုတာ၊ ဆွေးနွေးတာတွေတော့ ရှိပါတယ်။ ပါတီ မှတ်ပုံတင်ပြီး ယင်တော့ခါ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးသွားဖို့ သဘောထားရှိပါတယ်" ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

ပါတီ တစ်ရပ် အနေဖြင့် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခြင်းမှာ အမျိုးသားအရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆောင်ရွက်လိုသဖြင့် ယခုကဲ့သို့ ပါတီ မှတ်ပုံ ပြန်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် နအဖ စစ်အစိုးရက ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ဆန့်ကျင်ခဲ့သည့် အတွက် NLD ပါတီနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘဲ နေခဲ့ရာမှ ယခုအခါ ပါတီကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းအရင်းကိုလည်း ဦးအေးသာအောင်က ယခုလို နိရဥ္စရာသို့ ပြောသည်။

" အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဖို့အတွက် ရွေးကောက် ၀င်တယ်။ တိုင်းပြည်အတွက် အကျိုးရှိဖို့ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဝင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘကြီးတို့က ပါတီ မှတ်ပုံမတင်ဘဲနဲ့ အဓိက ဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ လွတ်မှသာ မှတ်ပုံတင်ဖို့လို့ ဘကြီးတို့ ပြောခဲ့တယ်။ အခု ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ လွတ်လာတဲ့အခါမှာ ဘကြီးတို့ ပါတီရဲ့ ဆုံးဖြတ်ထားချက် အရ ပါတီကို မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။"

ပါတီမှတ်ပုံတင်ရန် စီစဉ်နေသည့် နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီးလည်း ဦးအေးသာအောင်က ပြောသည်။

" ရခိုင်ပြည်နယ်မှာ အဖွဲ့ဝင်တွေလည်း ရှိတဲ့အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေး ရာဇဝင်တွေ၊ သူတို့ကိုယ်တိုင် လက်မှတ်တွေ ခံဝန်ချက်တွေ ပါမှ မှတ်ပုံတင်လို့ ရမယ်။ အဲဒါကြောင့် ပြည်နယ်မှာ ရှိတဲ့ အဖွဲ့ဝင်တွေရဲ့ လက်မှတ်တွေ၊ ခံဝန်ချက်တွေ ရအောင် စုဆောင်းနေတယ်။ အဲဒီ အချက်အလက်တွေ ပြည့်စုံတဲ့ အခါမှ မှတ်ပုံ တင်ဖို့ ဖြစ်မယ်။ ပီးရင် ဘကြီးတို့က ကြားဖြတ် ရွေးကောက်ပွဲကိုလည်း မဝင်ဘူး။ ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ တွေ ကင်းရှင်းသွားတဲ့ အခါမှ ပါတီမှတ်ပုံတင်သွားမှာ ဖြစ်ပါတယ်။"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခု စက်တင်္ဘာလ ၁၈ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေး အဖွဲ့၏ နိုင်ငံ ရေးပါတီများ ဖွဲ့စည်းနိုင်ကြောင်း ကြေငြာချက်အရ အရေးအခင်း ကာလအတွင််းက ဖွဲ့စည်းခဲ့သော ရခိုင်အမျိုး သားသမဂ္ဂကို အခြခံလျက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၉ ခုနှစ် စက်တင်္ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွဲ့စည်း ခဲ့သည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် ၁၁ နေရာ အနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် ရွှေးကောက်ပွဲ ကော်မရှင်သို့ ဗဟိုကော်မီတီ စာရင်း အပြည့်မတင်ပြနိုင်ဟု ဆိုကာ စစ်အစိုးရက ဖျက်သိမ်းပစ်ခဲ့သည်။

Most read this week